မန္တလေး ၂၅ ဒီဇင်ဘာ
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားသုံးဆူစေတီရှိ နံရံဆေးရေးပန်းချီများကို ကိုရီးယားနိုင်ငံ အကူအညီဖြင့် ထိန်းသိမ်းမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိူးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။
ထိန်းသိမ်းခြင်းလုပ်ငန်းမျာကို ကိုရီးယားသမ္မတနိုင်ငံ Korea Cultural Heritage Foundation (KCHF) မှ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ယာယီရုံးခန်း ဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည် ။
" စတင်ပြုလုပ်မယ့်ရက်ကိုတော့ မပြောသေးပါဘူး။ ၂၀၁၉ လောက်မှာ စလုပ်မယ်လို့တော့ အကြမ်းဖျင်း ခန့်မှန်းထားပါတယ်။ နံရံဆေးရေးပန်းချီတွေ အသေးစိတ်စာရင်း ကောက်တာတွေ၊ မှတ်တမ်းတင်တာတွေ လုပ်မယ်။ ပြီးမှ ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းမလဲဆိုတာတွေ သိရမယ်" ယင်းဌာနခွဲ ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။
ဘုရားသုံးဆူစေတီသည် မင်းနန်သူရွာမြောက်ဘက်တွင် တည်ရှိပြီး နံရံပန်းချီပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ကို ၆ နှစ်ကြာအချိန်ယူပြုလုပ်သွားမည်ဖြစ်သည် ။
ဘုရားသုံးဆူဘုရားတွင် နံရံဆေးရေးပန်ချီများ၊ ရှေးဟောင်း အင်္ဂတေလက်ရာများရှိသည်ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။
သူရိန်လင်း