၂၈ ဒီဇင်ဘာ
ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရုံးပိတ်ရက် လေးရက်ဖြစ်သော နှစ်ကူးကာလအတွင်း နေရပ်ဒေသအသီးသီးသို့ ပြန်ကြမည့် ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန် နေပြည်တော်-ရန်ကုန်နှင့် ရန်ကုန်-မန္တလေးခရီးစဉ်များအတွက် အထူးရထားတွဲဆိုင်းများကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် နေပြည်တော်-ရန်ကုန် အထူးရထားတွဲဆိုင်းကို ပြေးဆွဲပေးမည်ဖြစ်ပြီး နေပြည်တော်ဘူတာမှ ည ၉ နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ကာ ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့ နံနက် ၇ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်-မန္တလေးအထူးရထားတွဲဆိုင်း ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ ညနေ ၆ နာရီတွင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
ဒီဇင်ဘာ ၃၀ ရက်တွင် မန္တလေး-ရန်ကုန် အထူးရထားတွဲဆိုင်းကို ပြေးဆွဲပေးမည်ဖြစ်သည်။ အဆိုပါရထားတွဲဆိုင်းမှာ မန္တလေးဘူတာမှ ညနေ ၆ နာရီ ၁၅ မိနစ်တွင်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်-မန္တလေးအထူးရထားများအတွက် အမှတ်(၃/၄)အမြန်ရထားရပ်တန့်သည့် ဘူတာများ၌ ရပ်တန့်ပေးမည်ဖြစ်သည်။
ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်-နေပြည်တော် အထူးရထားတွဲဆိုင်း ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ ည ၉နာရီခွဲတွင်ထွက်ခွာပေးမည်ဖြစ်ကာ နေပြည်တော်ဘူတာသို့ နောက်တစ်နေ့ နံနက် ၇ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အထူးရထားများအတွက် ရထားလက်မှတ်များကို ရန်ကုန်ဘူတာကြီးရှိ ရက်ကြိုလက်မှတ်ရုံတွင် နံနက် ၇ နာရီမှစတင်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်း(ပွင့်သစ္စာ)၊ ဓာတ်ပုံ(စိုးမြင့်အောင်)