၂၈ ဒီဇင်ဘာ
မြန်မာ၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနှင့် တရုတ်နိုင်ငံက ရှောင်လင်ကျောင်းမှ ဘုန်းတော်ကြီးများအပါအဝင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပါဝင်တဲ့ ဝတ်ပြုဆုတောင်းပွဲကို ၂၀၁၉ခုနှစ်ကို ကူးပြောင်းမယ့် ဒီဇင်ဘာလ ၃၁ နေ့ညတွင် ထိုင်းနိုင်ငံမှာ ကျင်းပလို့ သိရပါတယ်။
အဲဒီဆုတောင်းပွဲမှာ သံဃာတော်ကြီးများအပြင် ဖော်ပြပါနိုင်ငံတွေက ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများကိုပါ ဖိတ်ကြားထားကြောင်း၊ ဒီနှစ် ၂၀၁၉ နှစ်ကူးကနေစပြီး နှစ်သစ်ကူးဆုတောင်းပွဲတွေ ဆက်တိုက် ကျင်းပသွားဖို့ပြင်ဆင်ထားကြောင်း၊ ဒီလိုလုပ်ဆောင်တာက ထိုင်းနိုင်ငံ ရဲ့ ဗုဒ္ဓဘာသာ နှင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဗုဒ္ဓဘာသာကြားက ဆက်ဆံရေး ခိုင်မြဲအောင် လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ ထိုင်းယဉ်ကျေးမှုဝန်ကြီးက ပြောပါတယ်။
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဗုဒ္ဓဘာသာထိုင်းဘုန်းတော်ကြီးကျောင်းပေါင်း ၅၄၄ ကျောင်းက သူတို့အစီစဉ်နှင့် သူတို့ နှစ်စဉ်ပြုလုပ်နေကျ နှစ်သစ်ကူးဆုတောင်းပွဲများ ကျင်းပသွားမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
နှစ်သစ်ကူးဝတ်ပြုဆုတောင်းပွဲပြီး နောက်တစ်ရက် နှစ်သစ်ကူးတဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ နိုင်ငံပေါင်း ၁၃ နိုင်ငံက ဘာသာရေးအကြီးအကဲတွေရဲ့ ဘာသာရေးတွေ့ဆုံပွဲလည်း ဘန်ကောက်မြို့ရှိ စနန်းလွမ် မှာ ကျင်းပဖို့ရှိနေပါတယ်။ ၁၃ နိုင်ငံစရင်းကို ကြည့်မယ်ဆိုရင် ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ နှင့် ထိုင်းနိုင်ငံတို့ကို တွေ့ရပါတယ်။
MDN