နေပြည်တော် ၃၀ ဒီဇင်ဘာ
မြန်မာသက္ကရာဇ် နတ်တော်လပြည့်ကျော် (၇၊၈၊၉၊၁၀)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၉၊ ၃၀၊ ၃၁ ရက်နှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တို့သည် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ နှစ်သစ်ကူးရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သည်နှင့်အညီ နေပြည်တော်တစ်ဝန်းရှိ အပန်းဖြေနေရာများနှင့် ဘုရားကျောင်းကန်များတွင် စည်ကားများပြားလျက်ရှိသည်။
နေပြည်တော် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ လာရောက်လာပတ်ကြသူများဖြင့် စည်ကားလျက်ရှိပြီး ယခုကဲ့သို့ ရုံးပိတ်ရက်၊ ကျောင်း ပိတ်ရက်များတွင် ဝန်ထမ်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားကျောင်းသူအဖွဲ့ များ လာရောက်လည်ပတ်မှု ပိုမိုများပြားကြောင်း အမျိုးသားအထိမ်း အမှတ်ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဒီလထဲမှာ ခရစ္စမတ်မတိုင်ခင် ရုံးပိတ်ရက်တွေကတည်းက လာရောက်လည်ပတ် သူ များပါတယ်။ အခုနှစ်သစ်ကူးရုံး ပိတ်ရက်မှာလည်း ဒီဇင်ဘာ ၂၉ ရက်က လာရောက် လည်ပတ်သူအနေနဲ့ ပြည်တွင်းက (၁၃၀၀)ကျော်နဲ့ ပြည်ပက(၂၀)ကျော်လောက် လာ ရောက်ကြပါတယ်။ အစိုးရရုံးပိတ်ရက် ဖြစ်တဲ့အတွက် ဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေ လာရောက်ကြတာ များပါတယ်။” ဟု နေပြည်တော် အမျိုးသား အထိမ်း အမှတ်ဥယျာဉ်မှ ဝန်ဆောင်မှုဌာန တာဝန်ခံ ဒေါ်ခင်နန်းစိုးက ပြောသည်။
ထို့ပြင် လာရောက်လည်ပတ်သူများ အနေဖြင့် မိမိတို့ကိုယ်ပိုင်ကားငယ်များဖြင့် လည်း အမျိုးသားအထိမ်းအမှတ် ဥယျာဉ်အတွင်းသို့ ဝင်ကြေးပေးဆောင်၍ ဝင်ရောက် လည်ပတ်နိုင်ပြီး ဥယျာဉ်အတွင်း၌ တစ်နေ့လုံး ပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်ရန် စီစဉ်ပေးထားကြောင်း ၎င်းကပြောသည်။
“ ကျွန်မတို့က မိတ္ထီလာမြို့ကနေ မိသားစုနဲ့အတူ လာရောက်လည်ပတ်တာပါ။ ကျွန်မက အထက်တန်းပြဆရာမတစ်ယောက်ပါ။ ဒီလို နှစ်သစ်ကူးရုံးပိတ်ရက် (၄)ရက် ရတဲ့အချိန်မှာ မိသားစုနဲ့ခရီးထွက်ဖြစ်တာပါ။ ဒီလို ပိတ်ရက်လေးတွေမှာ ခရီးထွက်ရတာ စိတ်လန်းဆန်းပေ့ါပါးသွားသလို ပျော်ဖို့လည်းကောင်းပါတယ်။” ဟု နေပြည်တော် အမျိုး သားအထိမ်းအမှတ်ဥယျာဉ်သို့ မိသားစုဖြင့်လာရောက်လည်ပတ်နေသည့် အထက်တန်းပြ ဆရာမ ဒေါ်ရူပန် ကပြောသည်။
ထို့အတူ ဗဟုသုတများစွာ ရရှိစေမည့် နေပြည်တော် စစ်သမိုင်းပြတိုက်တွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများက အဖွဲ့လိုက်၊ မိသားစု လိုက် လာရောက်လေ့လာလျက်ရှိကြပြီး လယ်ဝေးမြို့နယ် ကြောင်ရေစံပြကျေးရွာမှ စတုတ္ထတန်း ကျောင်းသား မောင်ပြည့်မောက်စံက “ကျွန်တော်တို့ ဆရာမတွေရယ်၊ သူငယ်ချင်းတွေ ရယ် ကျောင်းပိတ်ရက်မှာပျော်ပွဲစားထွက်ကြတာပါ။ စစ်သမိုင်းပြတိုက်မှာ တပ်မတော် ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ လေ့လာရတာ စိတ်ဝင်စားတယ်။ ဒီလိုလေယာဉ် ကြီးတွေလည်း မောင်းချင်တယ်။” ဟုပြောသည်။
ထို့အတူ နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သော ဥပ္ပါတသန္တိစေတီတော်၊ ဗုဒ္ဓဂါယာ၊ မဟာသကျရံသီ စေတီတော်၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီတော် စသည့် ဘုရားကျောင်းကန်များနှင့် ငလိုက်ဆင်စခန်း၊ နေပြည်တော် တိရိစ္ဆာန်ဥယျာဉ် စသည့် အပန်းဖြေနေရာများတွင်လည်း ကုသိုလ်ပြုကြသူများနှင့် လာရောက်လည်ပတ်ကြသူများ ဖြင့် စည်ကားများပြားလျက်ရှိသည်။
ညပိုင်းတွင် ရေပန်းဥယျာဉ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသူများက မိသားစုဖြင့်လည်းကောင်း၊ သူငယ်ချင်း အပေါင်း အသင်းများဖြင့်လည်းကောင်း အေးချမ်းစွာ အပန်းဖြေအနားယူလျက် ရှိကြသည်။
သတင်း-ဇော်မျိုး၊ ဓာတ်ပုံ- ထိန်နန်နော်