မန္တလေး ၃၀ ဒီဇင်ဘာ
နှစ်သစ်ကူးကာလရုံးပိတ်ရက်များတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အင်းဝဒေသရှိ နှစ်ပေါင်း(၁၈၀)ကျော် သက်တမ်းရှိသော ဗားကရာကျောင်း သို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။
“အခုလို နှစ်သစ်ကူးပိတ်ရက်မှာ မိသားစုနဲ့အတူ အင်းဝဒေသကို လာရောက် လည်ပတ်တာပါ၊ အင်းဝဒေသမှာ ရှိတဲ့ဗားကရာကျောင်းကြီးကို လာရောက်လေ့လာ ခွင့်ရတာဂုဏ်ယူပါတယ်၊ အင်းဝဒေသက ရှေးခေတ်မင်း နေပြည်တော်ဆိုတော့ လေ့လာစရာ တော်တော်များပါတယ်၊ ခုလိုအားလပ်ရပ်မှာ လာရောက်လေ့လာရတာ ပျော်ရွှင်စရာကောင်းပါ တယ်” ဟု မန္တလေးမြို့မှ လာရောက်လည်ပတ်သူ တစ်ဦးက ပြောကြားသည်။
"ဒီသစ်သားကျောင်းကြီးဆောက်လုပ်တာ နှစ်ပေါင်း(၁၈၀)ကျော်ကြာခဲ့ပါပြီ၊ ဒီလို ရှေးကျတဲ့ ကျောင်းကြီးကို ပြည်တွင်းပြည်ပခရီးသွားနဲ့ ကျောင်းသားကျောင်းသူတွေ လာရောက် လည်ပတ် လေ့လာတာ တော်တော်လေးများတယ်၊ ဒီသစ်သားကျောင်းကြီးက ရှေးခေတ်မြန်မာ ပညာရှင်တွေရဲ့ ဗိသုကာလက်ရာတွေ၊ ရှေးဟောင်းအနုပညာလက်ရာတွေ တော်တော်များပါ တယ်၊ ရှေးဘုရင်တွေ လက်ထက်က ဆောက်လုပ်ခဲ့တဲ့ ကျောင်းကြီးဆိုတော့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ၊ အလွန်ရှားပါးတဲ့ ရှေးဟောင်းဗိသုကာ လက်ရာတွေ ၊ ပန်းပု လက်ရာတွေ၊ ရုပ်တုတွေ၊ ကျောင်းကြီးရဲ့ကျွန်းတိုင်ကြီးတွေ ပြသာဒ်တွေကို စိတ်ဝင်တစား လေ့လာကြပါတယ်၊ အင်းဝဒေသကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတိုင်း ဒီသစ်သား ကျောင်းကိုမဖြစ်မနေ လာရောက်လေ့လာပါတယ်ဟု” ဒေသခံ တစ်ဦးက ပြောကြားသည်။
ဗားကရာကျောင်းတော်ကြီး၏ ဘေးပတ်လည်တွင် အုတ်လှေကား ငါးစင်းတပ်ဆင် ထားပြီး ပြသာဒ် ဆောင်၌ ကိန္နရာရုပ်တုများ၊ ပွတ်လုံးများ၊ပန်းပုရုပ်များဖြင့် တန်ဆာဆင် ထားကာ၊ တံခါးပြတင်းများ၌ နတ်ရုပ်များ၊ ပန်းနွယ်၊ ပန်းခက်များဖြင့်လည်းကောင်း၊ ခါးပန်း များနှင့် လက်ရန်းများထိပ်တွင် ခြင်္သေ့ပုံပန်းပုရုပ်များ၊ ပွတ်လုံးများ၊ လက်ရန်းထိပ်ပိုင်းတွင် ခြင်္သေ့ကိုယ်၊ ဘီးလူးခေါင်းပုံရုပ်တုများဖြင့် တန်ဆာဆင်ထားကြောင်း တွေ့ရသည်။ ကျောင်းတော်ကြီးအား စတုတ္ထအင်း၀ မြို့တည် ဘကြီးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် (၁၁၉၆) ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး သစ်သားကျွန်းတိုင်များဖြင့် တည်ဆောက်ထားသည်။ ကျွန်းတိုင်ပေါင်း (၂၆၇) လုံးပါရှိပြီး အကြီးဆုံးကျွန်းတိုင်မှာ လုံးပတ် (၉) ပေ ရှိကြောင်း၊ ဗားကရာကျောင်း၏ အကျယ်အဝန်းမှာ အလျား(၁၈၈)ပေ၊ အနံ(၁၀၃) ပေရှိ သစ်သား ကျောင်းကြီး ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)