ဒီးမော့ဆို ၃၁ ဒီဇင်ဘာ

 

နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ကယားပြည်နယ်အတွင်းသို့ ခရီးသွားပြည်သူများ တစ်နေ့ထက် တစ်နေ့ ပိုမိုလာရောက် လည်ပတ်သည့်အတွက် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာသို့ လာရောက်လည်ပတ်မှု သည်လည်း ယခင်ကထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

 

 

 

ပန်ပက်ကျေးရွာတွင် ကယန်းလူမျိုးတို့၏ ရိုးရာဝတ်စားဆင်ယင်မှု၊ ရိုးရာဂျပ်ခုတ်လုပ်ငန်း များ ဆောင်ရွက်နေမှုကို လေ့လာနိုင်သည့်အပြင် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ရိုးရာဝတ်စုံများ ဝတ်ဆင်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်သည့်အတွက် ခရီးသွားပြည်သူများ ပိုမိုစိတ်စားလျက်ရှိပြီး နှစ်သစ်ကူး ရုံးပိတ်ရက်များတွင်လည်း ပြည်တွင်းပြည်ပခရီးသွားများ ယခင်ကထက် ပိုမိုလာရောက်လည်ပတ်မှု များပြား လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

 

“ကျွန်မတို့က ရှမ်း-ကယား ခရီးစဉ်ပြေးဆွဲလျက်ရှိပြီး ကယားပြည်နယ် ခရီးစဉ်များတွင် ပန်ပက် ကျေးရွာသို့ သွားရောက်လည်ပတ်မှုကို ခရီးသွားပြည်သူများက ပိုသဘောကျကြတယ်” ဟု ဇာနည်ဘွား ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မမော်က ပြောကြားသည်။

 

 

နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ပန်ပက်ကျေးရွာသို့ လာရောက်လည်ပတ်သော ပြည်တွင်း ခရီးသွား များထံ အမှတ်တရလက်ဆောင်ပစ္စည်းများ ပိုမိုရောင်းချရပြီး ပြည်ပခရီးသွားများမှာ ရိုးရာဝတ်စားဆင်ယင်မှု၊ နေထိုင်မှု ဓလေ့ထုံးစံများကိုသာ လာရောက်လေ့လာကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

ကယားပြည်နယ်သည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နှစ်သစ်ကူး ရုံးပိတ်ရက် များတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အထင်ကရနေရာများဖြစ်သော ကန်ခုနှစ်ဆင့်၊ ထီးပွင့်ကန်၊ ငွေတောင် ဆည်နှင့် ပန်ပက်ကျေးရွာသို့ ခရီးသွားပြည်သူများ တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကားစွာ လာရောက်လည်ပတ် လျက်ရှိကြောင်း သိရသည်။ 

 

ရီရယ်(ဒီးမော့ဆို)