ပုဂံ ၃၁ ဒီဇင်ဘာ
နှစ်သစ်ကူးရုံးပိတ်ရက် ပြည်တွင်းပြည်ပ ခရီးသွားများနှင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ- ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင်ဘုရားပုထိုများ၊ သမိုင်းဝင်သာသနိက အဆောက်အအုံးများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်း(တု)များပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုသူများ တိုးမပေါက်အောင် များပြားနေကြောင်း သိရသည်။
ပုဂံ-ညောင်ဦးဒေသသို့ လာရောက်လည်ပတ်သူများအနေဖြင့် ချမ်းအေးသည့် ဆောင်ရာသီကိုခံစားရင်း၊ စေတီပုထိုးများကြား မြင်းလှည်းငှားစီးသည့် ဘုရားဖူးဧည့်သည်များ၊ စက်ဘီးဖြင့်သွားသည့် ပြည်ပပြည်တွင်း ခရီးသွားများ ကားကြီး၊ ကားလေး၊ E-Bike ဘက်ထရီဘီးစီးပြီး ရှေးဟောင်းစေတီပုထိုး၊ သာသနိက အဆောက်အုံများ လေ့လာကြသည့် ပြည်ပဧည့်သည်များ၊ ပြည်တွင်းဘုရားဖူးများ ဖုန်တလုံးလုံးဖြင့် အထူးစည်ကားနေကြောင်း သိရပြီး ပြည်တွင်းဘုရားဖူးများပါ ဘုရားဖူးဓာတ်ပုံရိုက်မဟုတ်တော့ဘဲ ပုဂံဒေသ၏ အလွန်ရှေးကျသော သမိုင်းကြောင်းများကို စိတ်ဝင်တစား လေ့လာမှတ်သားနေကြပြီ ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့မှ ဘုရားဖူးလာရောက်သည့် မဆွေဆွေသိန်းကပြောပြသည်။ ယခင်ကဆိုလျှင် ပြည်တွင်း ဘုရားဖူးများ သမိုင်းဝင်အထင်ကရ ဘုရားများဖြစ်သည့် စွယ်တော်လေးဆူ၊မဟာငှက်ပစ်တောင်၊အလိုတော်ပြည့်၊ ထီးလိုမင်းလို၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ စူလာမဏိ ၊သဗ္ဗညု၊ ဓမ္မရံကြီးဘုရားများလောက်သာ လူစည်ကားရာမှ ယခုအခါ နာမည်မကြီးသည့် စေတီပုထိုးများ၊ ကမ္ဗည်းရေးထိုးမထားသည့် အုတ်ပုံများ ခြုံနွယ်ကြားမှ ဘုရားများပါ စိတ်ဝင်စားလာကြသည်မှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို တန်ဖိုးထားလာသည်ဟု မြင်မိကြောင်း ရန်ကုန်မြို့မှ နှစ်သစ်ကူးရုံးပိတ်ရက် ဘုရားဖူးလာရောက်သည့် မနွယ်နွယ်က ပြောပြသည်။
ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ဖို့ ညအိပ်လာခဲ့ကြောင်း ပုဂံ-ညောင်ဦးဒေသရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတို့တွင် တည်းစရာ နေစရာမရှိအောင် ပြည့်ကုန်ကြောင်းနှင့်နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ တည်းကာ ပုဂံနေဝင်ဆည်းဆာကို လာကြည့်ကြောင်း နေဝင်ဆည်းဆာကြည့်သည့် ကုန်းမြင့်ပေါ်တွင်လည်း နေဝင်ဆည်းဆာကြည့်ရှုသူ အင်မတန်များပြားနေခြင်းကြောင့် ကားများ၊ မော်တော်ဆိုင်ကယ်များ၊ E-Bike များ၊ စက်ဘီး၊မြည်းလှည်းများ သုံးဘီးဆိုင်ကယ် (အရပ်အခေါ်တုတ်တုတ်) များကြောင့် မြေသားလမ်းတစ်လျှောက် မြင်ရသည့် ဖုန်လုံးကြီးများသည်လည်း ကုန်းမြင့်ပေါ်မှနေဝင်ဆည်းဆာ ကြည့်ရသည့် အရသာတမူထူးခြား နေကြောင်း မန္တလေးမြို့မှဘုရားဖူးရင်း နေဝင်ဆည်းဆာကြည့်ရန် ရောက်ရှိနေသည့် ကိုဝေဇင်လတ်က ပြောပြသည်။
ပုဂံတွင် နေဝင်ဆည်းဆာကြည့်ရှုရန်အတွက် မြေသားကုန်းမြင့်များပြုလုပ်ပေးထားပြီး စူဠာမဏိ ဘုရားမြောက်ဘက်တွင် ညွှန်လက်တစ်ဘက်ကုန်းမြင့်၊ စူဠာမဏိဘုရားတောင်ဘက်တွင် ရေကန်ထိပ်တွင် ကိုမောက်ကြီးကုန်းမြင့်နှင့် မင်းနန်သူကျေးရွာ ရေကန်ထိပ်တွင် နေဝင်ဆည်းဆာကြည့်ရန် ကုန်းမြင့်(တု)များ ပြုလုပ်ပေးထားကြောင်းသိရပြီး နှစ်သစ်ကူးရုံးပိတ်ရက်တွင် ထိုကုန်းမြင့်များ နေဝင်ဆည်းဆာကြည့်ရှုသူများဖြင့် အထူးစည်ကားပြည့်ညပ်နေကြောင်း ဘုရားဖူးဧည့်သည်များက ပြောပြသည်။
ကိုထိန်(ငါ့သရောက်)