စစ်ကိုင်း ၃၁ ဒီဇင်ဘာ
စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ၌ ပြည်တွင်းပြည်ပခရီးသွားများနှင့် ဘုရားဖူးများ လေ့လာလည်ပတ်မှု များပြားလျက်ရှိရာ နှစ်သစ်ကူးရုံးပိတ်ရက်ရှည် ဖြစ်သောကြောင့် ဒီဇင်ဘာ(၃၁) ရက်နံနက်ပိုင်းက ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
ထိုဒေသသည် စစ်ကိုင်းမြို့မှ (၁၀)မိုင်ခန့်ဝေးပြီး ဧရာဝတီမြစ်ကမ်း တစ်ဖက်ပေါ်၌တည်ရှိကာ တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များရှိသည့် ပုထိုးတော်ကြီး၊ မင်းကွန်းဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိများ၊ ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီးနှင့် မင်းကွန်းသွားရာ မော်တော်ကားလမ်းဘေး ကြက်ထောင့်ရွာရှိ ကြက်ထောင့် ရေကန်ကြီးတို့သည် ထင်ရှားကျော်ကြားပြီး ပြည်တွင်းပြည်ပ ခရီးသွားများ အထူးစိတ်ဝင်စားကာ လေ့လာသည့် အဓိကနေရာများဖြစ်သည်။
"၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၉၊ ၃၀၊ ၃၁ ရက်နှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တို့သည် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် အများပြည်သူတို့၏ နှစ်သစ်ကူးရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ရှည် ရရှိကြသောကြောင့် အနယ်နယ်အရပ်ရပ်မှ မင်းကွန်းဒေသသို့ ဘုရားဖူးလည်ပတ်လေ့လာသူများဟာ ယခင်ရက်များထက် ပိုမိုများပြားကြောင်း ကျွန်မတို့ဒေသကို ရောက်လာသည့် ပြည်တွင်းပြည်ပ ဧည့်သည်တိုင်းကလည်း ဌာနေအပြန်တွင် မိမိတို့စိတ်ကြိုက်အသုံးပြုရန်နှင့် မိတ်ဆွေများကို အမှတ်တရ လက်ဆောင်အဖြစ် ပေးရန်အတွက် မင်းကွန်းရောက် အမှတ်တရ ပစ္စည်းလက်ဆောင်အချို့ကို အထူးသဖြင့် ဝယ်ယူအားပေးလေ့ရှိသောကြောင့် ရောင်းအားလည်း ကောင်းပါတယ်"ဟု အမှတ်တရ ပစ္စည်းများရောင်းချသည့် ဈေးဆိုင်တန်းမှ ဆိုင်ရှင် ဒေါ်အေးသိန်း က ပြောပြသည်။
ထိုဒေသသို့ မော်တော်ကားလမ်းမှလာသကဲ့သို့ ဧရာဝတီမြစ်ရေယာဉ်လမ်းကြောင်းမှလည်း လာရောက်ကြပြီး စစ်ကိုင်းမြို့သို့ ဘုရားဖူးလေ့လာရေးရောက်ရှိသူတိုင်း အထူးစိတ်ဝင်စားစွာ သွားရောက်လေ့ရှိကြောင်း သိရသည်။
မျိုးဝင်း(စစ်ကိုင်း)