ဘန်ကောက် အောက်တိုဘာ ၁၂
ဗီယက်နမ်သို့ ကျားများ မှောင်ခိုတင်သွင်းသည်ဟူသော စွပ်စွဲချက်များဖြင့် ကြာသပတေးနေ့က ဗီယက်နမ် နိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဗီယက်နမ်နိုင်ငံသားများဖြစ်ကြသည့် အသက် ၄၀ နှစ်အရွယ် လီဗင် နှင့် ၂၉နှစ်အရွယ် ငုယန်ဗန်တန်တို့ကို ဘန် ကောက်မြို့ မြောက်ဘက် ၄၂၅ ကီလိုမီတာခန့်အကွာ Phitsanulok ပြည်နယ်ရှိ ဘတ်စ်ကားဂိတ် တစ်ခုတွင် တောရိုင်း တိရစ္ဆာန်အသေကောင်များ မှောင်ခိုကူးသည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ နွန်သာဝမ်ဆီးအင်ဒရာက ဆိုသည်။
ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း တပ်ခ်ပြည်နယ်မှ အရှေ့မြောက်ပိုင်း မူဒါဟန်ပြည်နယ်သို့ ဘတ်စ်ကားဖြင့် ခရီး သွားရောက်နေသော ယင်း ဗီယက်နမ်နိုင်ငံသား နှစ်ဦးသည် အိတ်များအတွင်း ကျားအရေခွံများ၊ အရိုးများကို ခရီးသွားလုပ်ငန်းတစ်ခုပိုင် ဘတ်စ်ကားအတွင်းဝှက်ကာ သယ်ယူရန်ကြိုးပမ်းခဲ့ကြောင်း နွန်သာဝမ်က ပြောကြား သည်။
တပ်ခ်ပြည်နယ်ရှိ ကျေးလက်နေသူတစ်ဦးထံမှ ဘတ် ၃၀ဝ၀ဝ (အမေရိကန်ဒေါ်လာ ၉၀၉) ဖြင့်ဝယ်ယူခဲ့သော ကျားအစိတ်အပိုင်းများဖြင့် မူဒါဟန်ပြည်နယ်မှ လာအိုနိုင်ငံကိုဖြတ်ကာ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ဗီယက်နမ်လူမျိုး ၂ ဦးက ဝန်ခံခဲ့သည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်