၂၉ ဇန်နဝါရီ
သွေးချင်းတို့ရဲ့ပွဲတော်ဆီ (Myanmar Ethnics Culture Fest) အမည်ဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယသိပ္ပံတွင် ဇန်နဝါရီ ၂၅ ရက်မှ ဇန်နဝါရီ ၃၀ ရက်နေ့အထိ ခြောက်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးတို့ကို အခြေခံဖွဲ့စည်းထားသော မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် အဆိုပါပွဲတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃၅ မျိုး၏ မတူကွဲပြားပြီး ထူးခြားသော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို အများပြည်သူတို့ပါမက နိုင်ငံတကာကပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာ သိရှိနိုင်ရန် ဖော်ထုတ်ပြသသောပွဲဖြစ်သည်။
အဆိုပါပွဲတော်သည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းသော ပွဲတော်၊ တစ်နည်းဆိုသော် တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် ပွဲတော်ဟုလည်း ဆိုနိုင်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုး၏ အတူကွဲပြားခြားနားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများသည် ဒြပ်ရှိ၊ ဒြပ်မဲ့ ခရီးသွားဆွဲဆောင်မှုများ၊ ခရီးသွား အရင်းအမြစ်များဖြစ်သည်။ ထိုအရင်းအမြစ်များကို ထိုကဲ့သို့ ထုတ်ဖော်ပြသခြင်းသည် မြန်မာကို ကမ္ဘာကသိအောင် မြှင့်တင်ပေးသည့် အနှစ်သာရရှိသည့် ဆောင်ရွက်ချက် ဖြစ်သည်။
ယနေ့ ကမ္ဘာနိုင်ငံအသီးသီးတွင် ၎င်းတို့၏ စစ်မှန်ပြီး ထူးခြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းမြှင့်တင်ခြင်းများ ပြုလုပ်လျက်ရှိရာ ၎င်းတို့၏ပြည်သူများ တိုင်ပြည်နှင့်လူမျိုးအပေါ် ချစ်မြတ်နိုးခြင်း၊ မျိုးချစ်စိတ်ဓာတ် နိုးကြားရှင်သန်ထက်သန်စေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်စည်းလုံးခြင်း စသည်တို့ကို ဖြစ်စေသည့်အပြင် ကမ္ဘာ့လှည့်ခရီးသွားများ ၎င်းတို့နိုင်ငံအပေါ် စိတ်ဝင်စားမှု မြင့်မားတိုးတက်လာမှုကို ဖြစ်စေပါသည်။
အဆိုပါပွဲတော်မှ အနှစ်သာရအနေဖြင့် မြန်မာနိုင်ငံအတွက် အဓိက လိုအပ်နေသော တိုင်းရင်းသားပြည်သူများ ဖွံ့ဖြိုးတိုးတက်မှု၊ စည်းလုံးညီညွှတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ်မှုတို့ကို ရရှိလာစေရေးဖြစ်သည်။ သဘာဝအလှတရားတို့နှင့် ပြည့်စုံသော တိုင်းရင်းသားဒေသများ ထာရဝငြိမ်းချမ်းသာယာရေးသည် ဦးစားပေး လိုအပ်ချက်ဖြစ်ပြီး ငြိမ်းချမ်းသာယာပါမှ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ဖော်ထုတ်ပေးနိုင်ပြီး တိုင်းရင်းသားဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာပြီး လူမှုစီးပွား မြင့်မားတိုးတက်လာမည်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် စုပေါင်းနေထိုင်ကြသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွှတ်ရေးသည် အထူးအရေးကြီးပြီး စည်းလုံးညီညွှတ်မှသာ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုနိုင်ငံတော်အကြီးအဖြစ် ထာဝရ ရပ်တည်နိုင်ကာ ပြည်ထောင်စု၏ အသီးအပွင့်များကို တစ်ပြေးညီ ရရှိခံစားနိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် ယခုပွဲတော်ကို ကျင်းပနေခြင်းကို လှိုက်လှိုက်လဲလဲ ကြိုဆိုရမည်ဖြစ်ပြီး နောင်နှစ်များတွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် တိုင်းရင်းသားအားလုံး တစုတစည်းတည်း စုဝေးကျင်းပနိုင်မည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ရာ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို ကိုယ်စားပြု၍ ဆင်းနွှဲကျင်းပသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးလုပ်ငန်းမြှင့်တင်ရေးပွဲတော်များကို မည်သို့ပင် အခက်အခဲများ ရှိသော်ငြားလည်း စည်းလုံးညီညွတ်စွာလက်တွဲ၍ စဉ်ဆက်မပြတ် ဆက်လက်ကျင်းပပြီး တိုင်းရင်းသားပြည်သူများ၏ အကျိုး၊ တိုင်းပြည်အကျိုးနှင့် ငြိမ်းချမ်းရေးအကျိုးများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းအပ်ပါသည်။
ကြေးမုံ