၂၉ ဇန်နဝါရီ
“ခွေး ဗျ ခွေး”
ကျုပ်အလုပ်က သခင်ကို သစ္စာရှိဖို့နဲ့ ကိုက်ဖို့။ ကျုပ်က သော်တာဆွေ ဘာသာပြန်ထားတဲ့ “ခွေးရွှေဝါ”စာအုပ်ကို သိပ်ကြိုက်တာ၊ အကြိုက်ဆုံးက စာအုပ်ရဲ့နောက်ဆုံးအခန်း၊ ခွေးရွှေဝါက သူ့သခင်အငယ်ဆုံးလေးကိုကယ်ဖို့ သူ့ထက် အများကြီး အင်အားလည်းကြီး၊ ရူးလည်းရူးနေတဲ့ ဝံပုလွေနဲ့ အပြတ်ကိုက်၊ အပြတ်ဖိုက်တာ၊ နောက်ဆုံး နိုင်ရောဆိုပါတော့။ ဒါပေမယ့် ကျုပ်မကြိုက်တာက ခွေးရွှေဝါကို သခင်လေးက ပစ်သတ်တာပဲ။ လူတွေက သူတို့အတွက်ပဲ ကြည့်တာဗျ။ ခွေးရူးရောဂါ ကူးမှာစိုးလို့ သူတို့အသက်ကိုကယ်ခဲ့တဲ့ ခွေးရွှေဝါကို ပစ်သတ်တာလေ။
အဲဒါကြောင့် ကျုပ်က သခင်ကိုသစ္စာမရှိချင်ဘူး။ သစ္စာရှိစရာလည်း မလိုဘူးလေ။ ကျုပ်မှာ သခင်မှမရှိဘဲ။ ကျုပ်က လူတွေပြောနေတဲ့ ခွေးလေခွေးလွင့်ဗျာ။ အဲဒီတော့ ကျုပ်ရဲ့ လောလောဆယ်အလုပ်က ကိုက်ဖို့၊ ဖိုက်ဖို့ပဲ။ ကျုပ်ရဲ့ အသက်ရှင် နေထိုင်ရေးအတွက် ကိုက်ရမယ်၊ ဖိုက်ရမယ်။ လျင်မြန်ဖျတ်လတ်ပြီး အကင်းပါးနေရမယ်။ မလည်ရင် ခံရမှာဗျ။ အခုတလော တိရစ္ဆာန်ဆေးကုဆရာဝန်ဆိုတဲ့လူတွေက သိပ်ဆိုးနေတာ။ ပိုင်ရှင်ရှိတဲ့ခွေးတွေရော၊ ကျုပ်တို့လို ခွေးလေခွေးလွင့်တွေကိုရော ခွေးရူးရောဂါကာကွယ်ဆေး လိုက်ထိုးနေတယ်ဗျ။
အဲဒါကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ကမ္ဘာ့တိရ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)တို့ ပူးပေါင်းပြီး လုပ်တာတဲ့ဗျ။ ခွေးရူးရောဂါကာကွယ်ဆေး အလုံးအရင်းနဲ့ အခမဲ့ထိုးနှံတဲ့ အစီအစဉ်တဲ့။ ခင်ဗျားတို့ကို မြင်စေချင်တယ်။ ကျုပ်တို့ကိုဖမ်းပြီး ဆေးထိုးဖို့ ဘတ်စကက်ဘောခြင်းလို ကွင်းနဲ့ ပိုက်အရှည်ကိုတပ်ပြီး လက်ကိုင်အရှည်နဲ့ လုပ်ထားတာ။ ကျုပ်ဘော်ဒါတစ်ကောင်ကို အဲဒီခြင်းနဲ့အုပ်စွပ်ပြီး ပိုက်ထဲရောက်သွားတော့ လက်ကိုင်ကို လှည့်လိမ်လိုက်တာ လှုပ်လို့ကို မရဘူး။ လှုပ်လို့မရတော့မှ ဆေးထိုးထည့်လိုက်တာ။ ပြီးတော့လည်ပတ် တပ်လွှတ်လိုက်သေးတယ်။ ထိုးပြီးကြောင်းပေါ့ဗျာ။ ကျုပ်ဘော်ဒါပြောတာတော့ ကျုပ်တို့အချင်းချင်း ကိုက်တာထက် နာသေးတယ်တဲ့၊ ဟုတ်လောက်တယ်ဗျ၊ အဲဒီကောင် အော်လိုက်တာ ဂိန်-ဂိန်-ဂိန်-ဂိန်နဲ့ မပြီးနိုင်ဘူး။
မှတ်မှတ်ရရ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က စထိုးတာဗျ။ ကျုပ်တို့ လယ်ဝေးတစ်မြို့နယ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ပေါ့၊ များလိုက်တဲ့ ခွေးတွေဗျာ၊ ၃၅၆၁၈ ကောင် အထိုးခံရတယ်တဲ့။ ဒီကြားထဲ ကြောင် ၅၁၇ ကောင်က အဆစ်ပါသွားသေးဆိုပဲ။ ၂၀၁၇ ခုနှစ်မှာတော့ခွေး ၂၇၉၁၇ ကောင်နဲ့ ကြောင် ၁၄၇ ကောင်၊ ၂၀၁၈ ခုနှစ်မှာတော့ ခွေး ၂၅၆၁၈ ကောင်နဲ့ ကြောင် ၉၀၉၂ ကောင် အထိုးခံရတယ်တဲ့။ ကျုပ်လား- ကျုပ်က လျင်လို့ အထိုးမခံရပါဘူးဆို။ ကျုပ်က အမြဲ သတင်းယူတယ်။ တိရစ္ဆာန်ဆရာဝန်တွေကိုလည်း အမြဲစောင့်ကြည့်တယ်။ မနေ့က အဲဒီဆရာတွေ လက်ဖက်ရည်ဆိုင်မှာ ပြောနေတာကိုကြားရတော့ ကျုပ်အလွန်အံ့ဩသွားတယ်၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနဲ့ ကမ္ဘာ့တိရ္ဆာန်ကျန်းမာရေးအဖွဲ့တို့ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနေတာ လယ်ဝေးတစ်မြို့နယ်တည်းမှ မဟုတ်ဘဲ။ မှော်ဘီမြို့နယ်နဲ့ ပုဂံ-ညောင်ဦးမြို့နယ်တို့လည်း ပါတာကိုး။ ၂၀၁၈ ခုနှစ်မှာတော့ FOUR PAWS ဆိုတဲ့အဖွဲ့တောင် ပါလာတယ်တဲ့။
ကျုပ်လည်း တိရစ္ဆာန်ဆရာဝန်တွေ ပြောနေကြတာကို အသာလေးဆက်ပြီး နားထောင်နေလိုက်တယ်၊ အမယ်လေး-ခုမှ ခွေးရူးရောဂါအကြောင်း သိရတော့တာ ဗျို့။ ခွေးရူးရောဂါဖြစ်စေတာက Rabies Virus (ခွေးရူးဗိုင်းရပ်)ကြောင့်။ အဖြစ်များတဲ့ သတ္တဝါတွေက ခွေး၊ ကြောင်၊ မြေခွေး၊ ဝံပုလွေ၊ ခွေးအ စတဲ့သတ္တဝါတွေ။ ခွေးကိုက်ခံရတာကနေ လူကိုကူးတာများလို့ မြန်မာလို ခွေးရူးရောဂါ ဖြစ်လာတာ။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)ရဲ့ စစ်တမ်းအရ လူတွေမှာ ခွေးရူးရောဂါ ဖြစ်တာ ၉၉ ရာခိုင်နှုန်းအထက်က ခွေးကိုက်လို့တဲ့။
ခွေးရူးအကိုက်ခံရတဲ့သူမှာ ခွေးရူးရောဂါပိုး ကူးစက်ခဲ့ရင် ရောဂါပိုးက အကိုက်ခံရတဲ့ဒဏ်ရာကနေ နာဗ်(Nerves) လို့ခေါ်တဲ့ အာရုံခံဆဲလ်တွေကတစ်ဆင့် ဦးနှောက်ဆီကို တစ်ရက် တစ်စင်တီမီတာနှုန်းလောက်နဲ့ သွားတာတဲ့ဗျာ။ ဦးနှောက်ကို ရောက်သွားရင်တော့ ဦးနှောက်အမှေးရောင်ပြီး သေတော့တာပေါ့ဗျာ။ အဲဒီအချိန် ရောက်ရင်တော့ ကုရာနတ္ထိ ဆေးမရှိဘဲဗျ။ ခွေးရူးကိုက်ရင်ကိုက်ချင်း ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးထားရင်တော့ ဘာမှမဖြစ်ဘူး။ ၁၀ဝ ရာနှုန်းပြည့် စိတ်ချရတယ်ဆိုပဲ။
လူမှာတွေ့ရတဲ့ ခွေးရူးပြန်ရောဂါ လက္ခဏာတွေကတော -
(က) ကူးစက်ခံရသောဒဏ်ရာမှ စူးခနဲနာကျင်ခြင်း (ခ) ရေကြောက်ခြင်း (ဂ) ဂဏှာမငြိမ်ခြင်း (ဃ) သွားရည်များစွာ ထွက်ခြင်း (င) တက်ခြင်း (စ) ဦးနှောက်အမှေး ပြင်းထန်စွာရောင်ခြင်း (ဆ) သေဆုံးခြင်းတို့ပဲဗျ။
လူတွေကတော့ ခွေးရူးကိုက်ခံရရင် -
(က) ဒဏ်ရာကို ရေများများသုံးပြီး ဆပ်ပြာ(သို့မဟုတ်) ပိုးသတ်ဆေးတစ်မျိုးမျိုး နဲ့ ငါးမိနစ်၊ ၁၀ မိနစ်လောက် အချိန်ယူပြီး ဆေးကြတယ်။ (ခ) ခွေးရူးရောဂါကာကွယ်ဖို့ ဆေးဘက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်တယ်။ (ဂ) ညွှန်ကြားချက်အတိုင်း လိုက်နာတယ်။ (ဃ) ကာကွယ်ဆေးကို ဆေးပတ်လည်အောင် အပြည့်ထိုးတယ်ဆိုတဲ့ အချက်တွေကို လုပ်ကြတယ်ဗျ။ အလွန်အရေးကြီးတယ်နော်။
အဲဒီတော့ ကျုပ်တို့လို ခွေးတွေမှာလည်း ခွေးရူးရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ တွေ့ရလဲဆိုတာ သိထားရမယ်ဗျ။ ခွေးရူးရောဂါဖြစ်နေတဲ့ ခွေးမှာ-
-ရုတ်တရက် အမူအရာပြောင်းသွားခြင်း
-ထိုင်းမှိုင်းခြင်း၊
အစာမစားခြင်း
-စိတ်ဆိုးအမျက်ထွက်အောင် မလုပ်ဘဲနှင့် ရန်လိုနေပြီး ကိုက်တတ်ခြင်း
-တုတ်ချောင်း၊ စက္ကူစသဖြင့် တွေ့ကရာကို ကိုက်စားခြင်း
-ဦးတည်ရာမဲ့ ပြေးသွားနေခြင်း -အသံအက်ဖြင့် အူခြင်း၊ ဟောင်ခြင်း
-အစာနှင့် ရေကို မျိုချရန် ခက်ခဲခြင်း
-သွားရည်(သို့မဟုတ်) တံတွေးများ၊ အမြှုပ်များ လွန်ကဲစွာထွက်ကျခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတယ်ဗျ။
ကျုပ်ကတော့ အဲဒီလိုဖြစ်နေတဲ့ အကောင်တွေကို သွားမဖိုက်၊ သွားမကိုက်တော့ဘူး၊ ရှောင်မှဖြစ်မယ်။ ခွေးရူးရောဂါ ဖြစ်တဲ့ကောင်နဲ့ကိုက်မိလို့ ကာကွယ်ဆေးမထိုးနိုင်ရင် အသက်ဆုံးမယ့်ရောဂါဗျ။ အဲဒီတော့ ကျုပ်ပထမဆုံးပြောခဲ့တဲ့ ခွေးရွှေဝါကို သခင်လေးက ပစ်သတ်တာကို မအံ့ဩတော့သလို ကာကွယ်ဆေးမရှိသေးတဲ့အချိန်၊ အလွယ်တကူမရနိုင်တဲ့ အချိန်အခါမှာ ဒီလိုပဲလုပ်ရမှာလို့ ထောက်ခံလိုက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီရောဂါက ဆင့်ကဲဆင့်ကဲကူးစက်ပြီး လူတွေ၊ တိရစ္ဆာန်တွေကို မကြည့်ရက်စရာအဖြစ်မျိုးနဲ့ သေကျေစေနိုင်တာဗျ။ အဲဒါကြောင့်ပဲ လူတွေက ခွေးရူးရောဂါကို တိုက်ဖျက်ဖို့ ကြိုးစားနေကြတာ။ ကာကွယ်ဆေးကလည်း တိရစ္ဆာန် အတွက်ရော လူတွေအတွက်ပါ ပေါ်ပေါက်နေပြီပဲ။ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ သုံးရမှာပေါ့။ ကာကွယ်ဆေးသုံးခြင်းအားဖြင့် ၁၀ဝ ရာနှုန်းပြည့် ကာကွယ်နိုင်တယ်ဗျ။
ခွေးရူးရောဂါအန္တရာယ်ရှိတဲ့နေရာမှာ ရှိနေတဲ့ ခွေးကောင်ရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရင် ရောဂါဖြစ်ပွားတဲ့ သံသရာစက်ဝန်းကို ဖြတ်နိုင်တယ်။ အဲ့ဒါကြောင့် ခွေး၊ ကြောင်တွေရဲ့ ပိုင်ရှင်အားလုံး ကာကွယ်ဆေးထိုးဖို့ တာဝန်ရှိတယ်ဗျာ။
ထိုးအောင်လည်း အသိပညာပေးကြရတာပေါ့။ ခွေးရူးရောဂါကို အမြစ်ဖြတ်နိုင်ဖို့ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့ကို ကမ္ဘာ့ ခွေးရူးရောဂါကာကွယ်ရေးနေ့ (World Rabies Day)အဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံမှာတော့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်လို့ လှုပ်ရှားမှုတွေလည်း တိုးမြှင့်ဆောင်ရွက်နေကြတယ်တဲ့။ ကဲ-ကျုပ်လား၊ ခွေး ဗျ ခွေး၊ ခွေးမှ အင်မတန်လျင်တဲ့ ခွေးလေ ခွေးလွင့်ဗျ။ ဒီတစ်ခါ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ ဆေးထိုးဖို့ လိုက်ဖမ်းရင် သွားအဖမ်းခံပြီး ကာကွယ်ဆေးထိုးတာခံလိုက်မယ်ဗျာ။ ဘာလို့လဲ ဟုတ်လား။
ကျုပ်မှ မသေချင်သေးပဲ။ ။
(မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှုများအား ထောက်ခံကြိုဆိုလျက်)