ကဘူးလ် ၂၉ ဇန်နဝါရီ
အာဖဂန်တပ်မတော်သည် ဂါဇနီ အရှေ့ပိုင်းပြည်နယ်၌ ညလုံးပေါက် စစ်ဆင်ရေးတစ်ခု ဆင်နွှဲခဲ့ပြီး တာလီဘန်တို့၏ အကျဉ်းတိုက်တစ်ခုမှ လူ ၃၈ ဦးကို လွှတ်ပေးလိုက်ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
အာဖဂန်အမျိုးသားတပ်မတော် သည် ပြီးခဲ့သည့်တနင်္ဂနွေနေ့ညက ဂါဇနီ ပြည်နယ် အက်လ်ဘန်းဒေသရှိ ဂတ်ကာလီကျေးရွာ၌ အထူးစစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲလိုက်ပြီး ကျေးလက်ပြည်သူ ၃၈ ဦးကို တာလီဘန်တို့ ဖမ်းဆီးထားရာ အကျဉ်းတိုက်ထဲမှ လွှတ်ပေးလိုက်ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း တာလီဘန်စစ်သွေးကြွများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြန်အလှန် တိ်ုက်ခိုက်ခဲ့ကြရာ စစ်သွေးကြွကိုးဦး သေဆုံးသွားခဲ့သည်။ လွတ်မြောက်သွားသူများကို စစ်အခြေစိုက်စခန်းတစ်ခုဆီသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
တပ်မတော်၏ စီးနင်းတိုက်ခိုက်မှုအပြီးတွင် သံသယရှိသည့် စစ်သွေးကြွ ကိုးဦးကိုလည်း ဖမ်းဆီးခဲ့ပြီး လက်နက် သိုလှောင်ရုံသုံးခု၊ အကျဉ်းတိုက်အဖြစ် စစ်သွေးကြွများက အသုံးပြုခဲ့သည့် အဆောက်အအုံနှစ်ခုတို့ကို လုံခြုံရေးအင်အားစုများက ဖျက်ဆီးခဲ့သည်။
တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ခိုက်မှုများအတွင်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များဘက်တွင်လည်း အကျအဆုံး ရှိကြောင်း တာလီဘန်စစ်သွေးကြွအုပ်စုက ပြောကြားခဲ့သည်။
ဆင်ဟွာ