တနင်္သာရီ  ၂၉    ဇန်နဝါရီ    

 
ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ ဆောင်ရွက်လျက်ရှိသော တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့သွားလမ်းအပိုင်းဖြစ်သည့် ထုံခါ-မောတောင် လမ်းအပိုင်း လုပ်ငန်းဆောင်ရွက်နေမှုမှာ ယခုအခါ ၉၃ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်း မောတောင်-တုံခါလမ်း စီမံကိန်းဒါရိုက်တာ ဦးသန်းလွင်ထံမှ သိရသည်။

 

123


“ထုံခါ-မောတောင် လမ်းအပိုင်းကို ကျွန်တော်တို့ ကုမ္ပဏီကတာဝန်ယူပြီး BOT စနစ်နဲ့ ၂၀၁၃ ခုနှစ်ကစပြီး ဖောက်လုပ်တာပါ၊ လမ်းအရှည်က ၄၈ မိုင်၊ ၆ ဖာလုံ၊ အကျယ် ၂၄ ပေ ရှိပါတယ်။ ယခင်က သစ်ထုတ်တဲ့ လမ်းကျဉ်းလေးကနေပြီးတော့ နယ်စပ်ဂိတ်ဖြစ်နိုင်တဲ့ လမ်းအဖြစ် ဆောင်ရွက်နေတာ အခုဆိုရင် ဒီလမ်းက ၉၃ ရာခိုင်းနှုန်း ပြီးစီးနေပါပြီ။ အချောသတ်ရမယ့် အပိုင်းအနေနဲ့ ကျန်ပါသေးတယ်။ ဖေဖော်ဝါရီလအတွင်း အားလုံးပြီးစီးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။  ဒီလမ်းပြီးသွားရင် BOT စနစ်နဲ့လုပ်ထားတာကြောင့် တိုးဂိတ် (၂) ခု ဆောက်လုပ်မှာဖြစ်ပြီး တိုးဂိတ်အမှတ်(၁)ကတော့ မြိတ်ကနေလာရင် ထုံခါလမ်းဆုံအလွန် ချောင်းနှစ်ပေါက် တံတားအနီး(၁)ခုနဲ့ တိုးဂိတ်အမှတ်(၂)ကတော့ မောတောင်မြို့ အမှတ်(၁)ရပ်ကွက် တံတားအနီးမှာ(၁)ခု ဆောက်လုပ်သွားပါမယ်။ ဒီလမ်းပြီးသွားရင် ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ ဒီလမ်းမကြီးကနေတစ်ဆင့် ထိုင်းနိုင်ငံရဲ့အဓိကငါးဈေးကွက် မဟာချိုင်ကို ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်မှာဖြစ်ပါတယ်။ နှစ်နိုင်ငံကြားကုန်သွယ်ရေး ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာမယ်၊လမ်းပြီးသွားရင် တရားဝင်ဂိတ်အဖြစ်ထိုင်းနိုင်ငံနှင့်လုပ်မဲ့ဝင်ပေါက်/ထွက်ပေါက်အနေနဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုကို အမြဲတမ်းဂိတ်အနေနဲ့ဖွင့်ဖို့ကြိုးစားနေပါတယ်"ဟု မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်မှ မောတောင်-တုံခါလမ်းစီမံကိန်းဒါရိုက်တာ ဦးသန်းလွင်က ပြောကြားသည်။


အဆိုပါ လမ်းအပိုင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့်လမ်းဖြစ်သောကြောင့် တုံခါကျေးရွာမှ မောတောင်မြို့အထိ ၄၈ မိုင် ၆ ဖာလုံကို မြိတ်အများပိုင် ကော်ပိုရေးရှင်းမှ တာဝန်ယူကာ ထိုင်းနိုင်ငံကပညာရှင်များနှင့်လမ်းခင်းသည့်အပိုင်းများကိုပူးတွဲလုပ်ဆောင်နေကြောင်း သိရသည်။


မိုးတွင်းကာလတွင် မောတောင်ငယ် တောင်ကြောတစ်လျှောက် မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသောကြောင့် တောင်ကြောတစ်လျှောက် ကွန်ကရစ်လမ်းခင်းဆောင်ရွက်ထားရှိပြီဖြစ်ကြောင်းနှင့် မြိတ်မြို့မှ ၁၂၃ မိုင် ကွာဝေးသည့် မြန်မာ-ထိုင်း နယ်စပ် မောတောင်မြို့သို့ အချိန် ၃ နာရီကြာခရီးဖြင့် သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


မြင့်ဦး(မြိတ်)