ရန်ကုန် ၂၉ ဇန်နဝါရီ
မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်အဖြစ် ''သွေးချင်းတို့ ရဲ့ပွဲတော်ဆီ''ပွဲတော်၏ စတုတ္ထနေ့ကို ဆက်လက် ကျင်းပလျက်ရှိပြီးMiss Ethnic Myanmar ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သည့် တိုင်းရင်းသားအလှမယ်ရွေးချယ်ပွဲကိုပွဲတော် ပဉ္စမနေ့ညပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်သတင်းပြန်ကြားရေးအဖွဲ့မှ သိရသည်။
ယနေ့ကျင်းပသည့် စတုတ္ထနေ့ပွဲတော်တွင် ခရီးသွားလုပ်ငန်းရှင်များ၏ ပြခန်းများနှင့် ဒေသအလိုက် သဘာဝတန်ဖိုးမြှင့် ထုတ်ကုန်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ တိုင်းရင်းသားတို့၏ ဒေသအလိုက် ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားဒေသများနှင့်အထင်ကရနေရာများ၊ ဒေသထွက်ကုန် အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းပြခန်းများ၊ တိုင်းရင်းသား ရိုးရာစားသောက်ကုန် အရောင်းဆိုင်ခန်းများသို့ လာရောက်ကြည့်ရှုအားပေးကြသူများနှင့် စည်ကားလျက်ရှိသည်။
''သွေးချင်းတို့ရဲ့ပွဲတော်ဆီ''ပွဲတော်တွင် မြန်မာပြည်ဒေသအနှံ့အပြားမှ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ အဝတ်အထည် နှင့်စားသောက်ကုန်များ၊ စာပေ၊ ဂီတတူရိယာများ၊ ရိုးရာဓလေ့လုပ်ငန်းသုံး ပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ တိုင်းရင်းသားလူမျိုးအလိုက် သမိုင်း၊ လွတ်လပ်ရေးအတူကြိုးပမ်းရယူခဲ့ကြသည့် သမိုင်းများ၊ စာအုပ်စာပေများ၊ စီးပွားရေးလုပ်ငန်းများ၊ ဒေသထွက်ကုန်များကို ခင်းကျင်းပြသထားသည်။
''သွေးချင်းတို့ရဲ့ပွဲတော်ဆီ''ပွဲတော်ကို မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်း ရှင်များ အသင်းကကြီးမှူး၍ ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်း၌ နံနက် ၁၁ နာရီခွဲမှ ည ၁ဝ နာရီကျော်အထိ ကျင်းပလျက်ရှိရာ ဇန်နဝါရီ ၃ဝ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သန့်ဇင်ဝင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်