မြို့သစ်  အောက်တိုဘာ  ၁၂

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုသည် ယမန်နေ့နံနက်ပိုင်းက လျော့နည်းကျဆင်းရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည် မြင့်တက်လာကြောင်း မြို့နယ်ဆည်မြောင်းနှင့်​ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

 

ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက ရေပြည့်အမှတ်ထက် ( သုည ဒသမ  နှစ်ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာမှ ယနေ့နံနက်ပိုင်းတွင်( တစ်ပေခန့် ) မြင့်တက်လာပြီး စွန် ဆည်ရေလှောင်တမံသည် ယမန်နေ့နံနက်ပိုင်းက (သုည ဒသမ တစ်ပေခန့် ) ရေပိုလွှဲမှ ရေကျော်ကျ မှုရှိရာမှ ယနေ့နံနက်ပိုင်းတွင် (သုည ဒသမ ကိုးပေခန့်) ရေပိုလွှဲမှ ရေကျော်ကျမှု ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

 

ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ  ရေကျော်ကျမှု  ပြန်လည်မြင့်တက်သော်လည်း  ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

 

ဝင်းအိဇွန် (ပြန်/ဆက်)