ရန်ကုန် ၂၉ ဇန်နဝါရီ

မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ သက်သောင့်သက်သာ ခရီးသွားလာမှုအဆင်ပြေလွယ်ကူစေရန်အတွက်ဦးစားပေးလုပ်ဆောင်သည့်အနေဖြင့် PRIORITY SEAT များပါရှိသော Disabled Bus များကို Power Eleven Company uYBS 21 ယာဉ်လိုင်းတွင် ပြေးဆွဲသွားရန် စီစဉ်နေကြောင်း ယာဉ်လိုင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်း (ခ) ကိုတရုတ်လေးက ပြောသည်။

ဝှီးချဲများဖြင့် လိုက်ပါစီးနင်းနိုင်ရန်အတွက်လည်း Motor Drive Ramp များထားပြီး ဝှီးချဲအသုံးပြုသူများ အန္တရာယ်ကင်းလုံခြုံအဆင်ပြေကြစေရန်အတွက် ထိုင်ခုံ ခါးပတ်ကြိုးများအပြင် ဝှီးချဲ Lock များကိုပါ စီစဉ်ထားပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးထားသော ယာဉ်မောင်းနှင့် ဝန်ဆောင်မှုပေးနိုင်မည့် Bus Captain များကိုလည်း တာဝန်ပေး ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုများ အဆင်ပြေစေရန်အတွက် CCTV Live view GPS tracking System၊ Auto Bus-stop announcer device monitoring bus control System၊ driver behavior control system၊ Passenger counting system များကို စီစဉ်ထားပြီး ခရီးသွားပြည်သူများအတွက် သတင်းအချက်အလက်များ ပေးနိုင်ရန် LCD Display များကိုပါ တပ်ဆင်ထားသည်။

Power Eleven Company က YBS 21 ယာဉ်လိုင်းမှ ပြေးဆွဲမည့် Disabled Bus ခရီးစဉ်အား ရွှေပြည်သာ ပြည်သူ့ဆေးရုံကြီး (ဂိတ်ရင်း) မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ဂိတ်ဖျား) ထိ ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးစဉ်မှတ်တိုင်များမှာရွှေပြည်သာဆေးရုံကြီး-ထန်းခြောက်ပင်-ရွှေပြည်သာကွေ့- တညင်းကုန်းလမ်းဆုံ-မင်းကြီးလမ်း -အင်းစိန်ပန်းခြံ-သမိုင်းလမ်းဆုံ-လှည်းတန်းလမ်းဆုံ-မြေနီကုန်း-စံပြ-ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ဖြစ်ကြောင်း သိရသည်။

ပွင့်သစ္စာ