နေပြည်တော်    ၂၉   ဇန်နဝါရီ 


ပင်လယ်ကမ်းရိုးတန်းဒေသစုံ စီမံအုပ်ချုပ်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲကို ယမန် နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနရှိ ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပေးရေးဌာန၌ ကျင်းပခဲ့ရာ သစ်တော်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ဌာနမှတာဝန်ရှိသူများ၊ သင်းတန်းနည်းပြများ၊ ဖိတ်ကြားထားသူများနှင့် သစ်တောဦးစီးဌာန အပါအဝင် အခြားဌာနများမှ သင်တန်းသား ၂၅ ဦးတို့ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် သစ်တော်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က မြန်မာနိုင်ငံ၏ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသသည် ဘင်္ဂလားပင်လယ်အော်ဒေသ ဂေဟစနစ် ကြီး တစ်ခုလုံး၏ ၅ ပုံ တစ်ပုံရှိပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝပြီး ရှည်လျားသည့် ကမ်းရိုးတန်းနှင့် ကျယ်ပြန့်သည့် ပင်လယ်ပြင်၊ ကျွန်ကြီးကျွန်းငယ်ပေါင်း (၈၀ဝ) ကျော်နှင့် ဖွဲ့စည်းထားသည့် မြိတ်ကျွန်စုစသည့် မြေပြင်ရေပြင် အခြေအနေများသည် သဘာဝမှ ပေးထားသည့်နိုင်ငံ၏ အဖိုးတန်အမွေအနှစ်ဖြစ်ပါကြောင်း၊ အဆိုပါ ဒေသများသည် နိုင်ငံအတွက် ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးပေးနေသည့် ဒေသကြီးများ ဖြစ်သည့်အတွက် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း။


မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းသယံဇာတများကို ကဏ္ဍအလိုက် စီမံအုပ်ချုပ်နည်းလမ်းနှင့် အညီ စီမံအုပ်ချုပ်လုပ်ကိုင်ခဲ့သော်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းစီမံအုပ်ချုပ်လုပ်ကိုင်မှုသည် အားနည်းလျက်ရှိပြီး ရေရှည်တည်တံ့မှုမရှိသည့် နည်းလမ်းများနှင့် စီမံအုပ်ချုပ်လုပ်ကိုင်ခဲ့ခြင်းများကြောင့် စိုးရိမ်ဖွယ်ရာပျက်စီးပြုန်းတီးမှုအခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ကမ်းရိုးတန်းသယံဇာတများကို စနစ်တကျအုပ်ချုပ် လုပ်ကိုင်ရန် အရေးတကြီး လိုအပ်ပါကြောင်းပြောကြားခဲ့သည်။ 


(ဟန်လင်းနိုင်)