မော်လမြိုင် အောက်တိုဘာ  ၁၄

 

မွန်ပြည်နယ်ဝန်ကြီးချုပ်    ဦးဇော်လင်းထွန်းသည်     ပြည်နယ်အစိုးရအဖွဲ့ဝင်   ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်၉နာရီက    မော်လမြိုင်မြို့၊   ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ လေးခန်းတွဲ၊ နှစ်ထပ် ဝန်ထမ်းအိမ်ရာဖွင့်ပွဲ အခမ်းအနားကို တက်ရောက်သည်။

 

အခမ်းအနားတွင်   မွန်ပြည်နယ်ဝန်ကြီးချုပ်က    ပြည်နယ်အတွင်း  လမ်းပန်းဆက်သွယ်မှု  ကောင်းမွန်စေရေး၊   လျှပ်စစ်မီးရရှိရေး၊   မြို့ပြနှင့် ကျေးလက်ဒေသ  ဟန်ချက်ညီညီ  ဖွံ့ဖြိုးတိုးတက်စေရေး  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် အနယ်နယ်အရပ်ရပ်မှ  လာရောက်တာဝန်ထမ်း ဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရန်၊ စိတ်အေးချမ်းသာစွာတာဝန် ထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းအိမ်ရာများကို အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိကြောင်း၊  ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့နေထိုင်မည့်အိမ်ရာ၊ အိမ်ခန်းများ  ရေရှည်တည်တံ့စေရေးအတွက် သန့်ရှင်းသာယာရေး၊   လုံခြုံရေးနှင့်   မီးဘေးအန္တရာယ်    ကြိုတင်ကာကွယ်ရေးတို့ကို    ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။ 

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ   အိမ်ရာအား လှည့်လည်ကြည့်ရှုသည်။ 

 

အဆိုပါ ဝန်ထမ်းအိမ်ရာသည်၂၀၂၀- ၂၀၂၁ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၂၄၉ သန်းဖြင့် လေးခန်းတွဲ ၊နှစ်ထပ် အဆောက်အဦဖြစ်ပြီး ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ နေထိုင်မှုအဆင်ပြေစေရေး တည်ဆောက်ပေးခြင်းဖြစ်သည်။ 

 

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့်  တည်ဆောက်ပြီးစီးခဲ့သည့် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိနယ်မြေ မီးသတ်စခန်း RC ၃ ထပ်ခွဲအဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအား အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားသည်။ 

 

မွန်ပြည်နယ်အတွင်း   ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများအရ ပြည်နယ် မီးသတ်စခန်း  စခန်း၁ ခု၊  ခရိုင်စခန်း၂ ခု၊   မြို့နယ်စခန်း ၁၀ ခု၊  နယ်မြေစခန်း ၁၆ ခု၊  လုပ်ငန်းလိုအပ်ချက်အရ ထပ်တိုး ဖွင့်လှစ် ၈ ခု စုစုပေါင်း ၃၇ ခု ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)