မန္တလေး ၂၉ ဇန်နဝါရီ
တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆေးလိပ်ငွေ့ကင်းစင် လုပ်ငန်းသုံးသပ် ညှိနှိုင်းဆွေးနွေးပွဲကို မန္တလေးမြို့ ၆၅ လမ်း ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ရွှေနိုင်ငံ ဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေကိုယ်စားလှယ်၏ သဝဏ်လွှာကို National Technical Officer ဒေါက်တာအေးမိုးမိုးလွင်က ဖတ်ကြားပြီး စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးသည်။
အဆိုပါ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက် မှ ၃၀ ရက် ထိ (၂)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ ထူထောင်ခြင်း၊ အာဆီယံနိုင်ငံများ၏ ဆေးလိပ်ငွေ့ ကင်းစင် နယ်မြေ ဆောင်ရွက်မှုအတွေ့အကြုံများအား ဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဆေးလိပ်ငွေ့ကင်းစင် နယ်မြေ ဆောင်ရွက်မှု အခြေအနေများအား တင်ပြခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုချင်းအလိုက် လာမည့်နှစ်များအတွင်း ဆေးလိပ်ငွေ့ ကင်းစင်လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ ပြုစုခြင်း၊ Smoke-free Tourism အစရှိသော ကဏ္ဍများအား တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက သုံးသပ်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူးများ၊ ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)