ညောင်ဦး ၂၉ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း စည်းရုံးရေးမှူး(မွမ်းမံ)သင်တန်း အပိုင်း(၃) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှူး (မွမ်းမံ) သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေနှင့် မြို့နယ်ဦးစီးမှူး ဦးအောင်ရှိန် တို့က အဖွင့်အမှာစကား ပြောကြားပြီး၊ ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး တာဝန်ခံ ဦးထွန်းထွန်းဝင်း က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နည်းပညာအကြံပေးခေါင်းဆောင် ဦးအောင်ဌေး က သင်တန်းတွင် ပို့ချသင်ကြားပေးမည့် စည်းရုံးရေးဆိုင်ရာ သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ လက်ထောက်နည်းပညာမှူး ဒေါ်နွယ်နွယ်ဝင်းနှင့် လူထုစည်းရုံးရေးမှူး ဦးကျော်ဇောထွန်း တို့က ဦးဆောင်၍ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် စီမံကိန်းလုပ်ငန်းခွဲများ အပြီးသတ် ဆောင်ရွက်ခြင်း၊ ကျေးရွာလူထုမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းများ၊ စီမံကိန်း လုပ်ငန်းပြီးဆုံးချိန်တွင် ဆောင်ရွက်ရမည့် လူထုစစ်ဆေးပွဲ ပြုလုပ်ခြင်းများ၊ ဝေဖန်အကြံပြုချက်များ စသည့် စည်းရုံးရေးမှူးဆိုင်ရာ နည်းပညာများကို ပရိုဂျက်တာဖြင့် စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း စည်းရုံးရေးမှူး (မွမ်းမံ) သင်တန်းသို့ ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ လက်ထောက်နည်းပညာမှူး ၂၅ ဦး၊ လူထုစည်းရုံးရေးမှူး ၃၇ ဦး၊ စုစုပေါင်း သင်တန်းသား ၆၂ ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး၊ သင်တန်းအား ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၃၀ ရက်နေ့တွင် သင်တန်းသား ၆၂ ဦးအား စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေဖြင့် ညောင်ဦးမြို့နယ် အထက်ညဉ့်ကျေးရွာနှင့် ဇီးဇမျှင်ကျေးရွာတို့တွင် ကျေးလက် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများအား လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံး တာဝန်ခံ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)