မန္တလေး ၂၉ ဇန်နဝါရီ
ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင်စီးတီး ဂေါက်ကွင်းအိမ်ယာစီမံကိန်းမှ အိမ်ရာများ ယနေ့စတင်ရောင်းချပြီဖြစ်ကြောင်း အဆိုပါစီမံကိန်းကို တာဝန်ယူဆောင်ရွက်သည့် ဖွံ့ဖြိုးသစ်ကုမ္ပဏီမှ သိရသည်။
အဆိုပါစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးတွင် တည်ရှိသည်။
"စီမံကိန်းထဲက First Phase မှာပါတဲ့ ပုလဲ ၊ ကျောက်စိမ်း ၊ ပတ္တမြား ဗီလာတွေထဲက အကွက်ပေါင်း ၇၈ ကွက်ကို ဒီကနေ့စတင်ရောင်းချတာဖြစ်ပါတယ်'' ဟု ဖွံ့ဖြိုးသစ်ကုမ္ပဏီ၏ Deputy CEO ဦးသက်လွင်ရွှေ ကပြောသည်။
ယနေ့စတင်ရောင်းချသည့်နေရာများအတွက် ၁ စတုရန်းပေကို တစ်သိန်းကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး တစ်လငွေချေသည့် စနစ် ၊ ၁၀ လ အရစ်ကျ ငွေချေ စနစ်များဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို မန္တလေးမြို့၏အရှေ့ဘက် လေးမိုင်ခန့်အကွာ မြေဧက ၅၀ဝ ကျော်ပေါ်တွင် အကောင်ထည်ဖော်နေပြီး လူနေအိမ် ၊ အင်တာနေရှင်နယ်ကျောင်း ၊ ခုတင် ၃၀ဝ ဆံ့ ဆေးရုံ ၊ ဟိုတယ်များ ၊ ဂေါက်ကွင်းနှင့် ဈေးဝယ်စင်တာများ ပါရှိကြောင်း သိရသည်။ စီးပွားရေးဇုန် ၊ ဂေါက်ကွင်းဇုန် ၊ အိမ်ယာဇုန် စသည့်ဇုန်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်