စစ်ကိုင်း ၂၉ ဇန်နဝါရီ
စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမူတော်စေတီကြီးတွင် ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး ထားရှိရန်အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦကို စတင်ဆောက်လုပ်နေကြောင်း ကောင်းမှုတော်စေတီ ဂေါပက အဖွဲ့ထံမှ သိရသည်။

အဆိုပါ အဆောက်အဦကို ကောင်းမှုတော်စေတီတော်ကြီး ရင်ပြင်တော်အရှေ့တောင်ထောင့် ကြေးစည်တော်၊ မောင်းတော် အနီးတွင် ယခုလ ၂၇ ရက်နေ့က စတင်ဆောက်လုပ်နေကြောင်း ကောင်းမှုတော်စေတီ ဂေါပက အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးနီတင်က ပြောပြသည်။
''စည်တော်ကြီး ထားရှိရန် မြန်မာမှု ဗိသုကာပညာရှင် တမ္မဝတီဦးဝင်းမောင်က ညောင်ရမ်းခေတ်က စည်တော် တွေထားတဲ့ ပုံစံအဆောက်အဦ ဒီဇိုင်းဆွဲပေးတယ်။ အပေါ်က ဘုံပြဿဒ်ငါးဆောင်နဲ့ အောက်က လှေကားနဲ့ နှစ်ဆင့်တက်ပေါ့၊ နှစ်ဆင့်တက်အပေါ်မှာ စည်တော်ကြီးထားမယ့် နေရာရှိမယ်။ အဲအပေါ်မှာ ဘုံပြဿဒ် ငါးဆောင်တင်ပြီး ညောင်ရမ်းခေတ်ပုံစံအတိုင်း တည်ထားမှာ ဖြစ်ပါတယ်" ဟု ၎င်း ကပြောပြသည်။
အဆိုပါ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး ထားရှိရန် အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦကို တပေါင်းလပြည့် မတိုင်မီအပြီး ဆောက်လုပ်သွားမည်ဖြစ်ပြီး ကုန်ကျငွေ အနေဖြင့် ကျပ်သိန်း ၅၀ဝ ခန့် ကုန်ကျမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ထားရှိရန်အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦ၏ အကျယ်အဝန်းမှာ ပေ ၃၀၊ အမြင့်ပေ ၇၀ ရှိမည်ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံက သိရသည်။
ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို အင်းတော်မြို့ နယ် လက်ပံကုန်းကျေးရွာရှိ ''ဆရာပွဲ'' မြန်မာတူ ရိယာ အမျိုးမျိုး လုပ်ငန်းမှ ထွင်းထုလှူဒါန်းခြင်းဖြစ်ပြီး စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီတော်သို့ ပင့်ဆောင်မှုကို လာမည့် မတ်လအတွင်း သယ်ဆောင်ရန် သတ်မှတ်ထားကြောင်းနှင့် သယ်ဆောင်ရာတွင်လည်း သီတဂူဆရာတော်ကြီး နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် တို့ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်သွားမည် ဖြစ်သည့်အပြင် ညအိပ်ရပ်နားမည့် မြို့များတွင် တရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)