ပေါက်ခေါင်း ၂၉ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း အင်အားအသင်အတင့်ရှိ ငလျင် (၄) ကြိမ်လှုပ်ခတ်ခဲ့ရာ တောင်နဝင်းဆည် ရေလှောင် တမံ၏ ပေ ၅၉၀ဝ နှင့် ၆၀ဝ၀ အကြား တမံမျက်နှာပြင်၌ အက်ကြောင်းအနက် (၃)ပေခန့်၊ အက်ကြောင်းအပေါ် အကျယ် (၃) လက်မခန့်နှင့် အလျားလိုက်ပေ (၆၀) ခန့်ကွဲအက်မှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် တောင်နဝင်းဆည် ရေလမ်းကြောင်းအောက်ရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများသည် တောင်နဝင်းရေလှောင်တမံ ကျိုးပျက်မည့် အန္တရာယ်အား စိုးရိမ်ပူပန်မှုများ ရှိခဲ့ရာ ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တာ် ကိုယ်စားလှယ်ဦးဝင်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ ပြည်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဦးနှင့် တာဝန်ရှိသူများက ရပ်သစ်ကျေးရွာ စိုင်ဂေါင်းကျေးရွာ၊ ဝက်တိုးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ရှိ ပြည်သူများနှင့်တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေသည်ကို နားလည်ပါကြောင်း ဆည်မြောင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ လတ်တလော အခြေအနေအရ ထိခိုက်နိုင်ဖွယ် မရှိနိုင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် တစ်ခုခုဖြစ်ပေါ်မှသာ အခြေအနေ တစ်မျိုးမျိုးဖြစ်ပေါ်နိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ငလျင်လှုပ်ခတ်မှုများကြောင့် တမံအောက်ခြေအုတ်မြစ် ကျောက်သားတွင် လှုပ်ရှားမှုဖြစ်ပေါ်ပြီး တမံမျက်နှာပြင်၌ အက်ကြောင်းဖြစ်ပေါ်ရခြင်း ဖြစ်နိုင်ကြောင်း လက်ရှိဖြစ်စဉ်၏ အခြေအနေမှာ စိုးရိမ်ဖွယ်အခြေအနေ မရှိပါကြောင်းနှင့် ဌာနမှ (၂၄) နာရီ အချိန်ပြည့် စောင့်ကြည့်တိုင်းတာ စစ်ဆေးလျက်ရှိပြီး တမံကိုယ်ထည်နှင့် အောက်ခံ အုတ်မြစ်အခြေအနေများကို ဘူမိဗေဒဆိုင်ရာ စူးစမ်းတိုင်းတာခြင်း၊ နည်းပညာများအသုံးပြု၍ တိုင်းတာခြင်းများကိုလည်း ဇန်နဝါရီ ၂၉ ရက်နေ့ မှ စတင်ဆောင်ရွက်နေပြီး စူးစမ်းတိုင်းတာမှုများအရ တွေ့ရှိမှုများကို အခြေခံ၍ရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
သန်းထွန်းအောင်(ပေါက်ခေါင်း)
