မင်းဘူး ၂၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ဘုရားပွဲတော်ကာလ ဝတ္တကနယ်မြေအတွင်း ဆန္ဒထုတ်ဖော်ခြင်း မပြုစေရန်အတွက် ဒေသန္တရအမိန့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
“ဘုရားပွဲတော်ကို လာရောက်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူအများအနေဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးနားခိုနိုင်ရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ဒေသန္တရအမိန့် စည်းကမ်းချက်များတွင် ဝတ္တကနယ်မြေအတွင်း ဆန္ဒထုတ်ဖော်ခြင်း မပြုရန်ပါဝင်ပြီး တိုင်းဒေသကြီးအစိုးရ ညွန်ကြားချက်နဲ့ မင်းဘူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှထုတ်ပြန်သွားမှာပါ”ဟု မန်းရွှေစက်တော် ဂေါပကဥက္ကဋ္ဌ ဦးအောင်သိန်း မှ ပြောသည်။
ပြီးခဲ့သည့် ဘုရားပွဲတော်ကာလ ရွှေစက်တော် အရပ်သားဂေါပကအဖွဲ့မှ ဘုရားပွဲတော် ကျင်းပရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ရာတွင် ဈေးသည်အချို့မှာ ပြုပြင်ပြောင်းလဲ စည်းကမ်းသတ်မှတ်ချက်များအား ကျေနပ်မှုမရှိ၍ ဘုရားပွဲတော်အတွင်း ဆန္ဒထုတ်ဖော်ကြရန် လှုံ့ဆော်ခြင်း ခြိမ်းခြောက်ခြင်းများ ရှိခဲ့သလို မင်းဘူးမြို့ရှိ ဂေါပကရုံးရှေ့တွင်လည်းကောင်း၊ ဈေးရှေ့တွင်လည်းကောင်း ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ကြောင်း သိရသည်။
ဒေသန္တအမိန့်ကို ဖေဖော်ဝါရီ ၈ ရက်တွင် မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးသိန်းလှိုင် မှ ပြောသည်။
၂၀၁၉ ခုနှစ် ရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖေဝါရီ ၉ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်ပွဲနေ့ ညပိုင်းတွင် သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ တရားပွဲ ပါဝင်မည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော်များလည်း လာရောက်ဖျော်ဖြေကြမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ကျော်ဇေယျ