ရန်ကုန် ၂၉ ဇန်နဝါရီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၁၈ ခုနှစ် ပရိယတ္တိစာမေးပွဲများတွင် ဓမ္မာစရိယသုံးကျမ်းပြီး စာအောင်ဘွဲ့ရ ၉၃၆ ပါး၊ ပါဠိဂုဏ်ထူးအောင် ၁ ပါး၊ မြန်မာဂုဏ်ထူးအောင် ၆ ပါး၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် အထူးအောင် အပါး ၂၀၊ နိကာယ်စာမေးပွဲတွင် အထူးအောင်အပါး ၂၀၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ (ပထမ၊ ဒုတိယ၊ တတိယ) ရရှိသူ ၉ ဦးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းမည့် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် (သောကြာနေ့) မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ စာအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများပေးပို့ ဆက်ကပ်ပြီး ဖြစ် ကြောင်း၊ ပင့်စာများကို အချိန်မီမရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ဖေဖော်ဝါရီလ ၁၂ ရက်မှစ၍ ရုံးချိန်အတွင်း ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ပှုဗ္ဗဝိဒေဟကျောင်းဆောင် စာမေးပွဲဌာနခွဲ၊ ဌာနစု (၁၄)သို့ ဆက်သွယ် သတင်းပေးပို့ ကြပါရန် သာသနာရေးဦးစီးဌာနက ပင့်လျှောက်အပ်ကြောင်း သိရသည်။
(သတင်းစဉ်)