နေပြည်တော် ၃၀ ဇန်နဝါရီ
ယနေ့မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အပြောင်းအလဲများနှင့်အတူ တန်းဝင်ဈေးကွက် စီးပွားရေးစနစ်ကို ကြိုးပမ်းနေပါသည်။
လူဦးရေ သန်းငါးဆယ်ကျော်ရှိသည့် မြန်မာနိုင်ငံ၏ ဈေးကွက်က ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအတွက် မသေးငယ်လှသည့် ဈေးကွက်ဖြစ်သကဲ့သို့ ကမ္ဘာ့အကြီးမားဆုံး ဈေးကွက်ကြီးများဟု ဆိုနိုင်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်ကူးသန်းရန် အချက်အချာ ကျနေသည့် မဟာဗျူဟာမြောက် ပထဝီအနေအထားလည်း ရှိပါသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်နေမှုသည်လည်း ကုန်သွယ်ကူးသန်းရန် စီးပွားရေးအရ လွန်စွာကောင်းမွန်သည့် တည်ရှိမှု ဖြစ်ပါသည်။
ထို့အတူ သယံဇာတရင်းမြစ်များနှင့် လူ့စွမ်းအားရင်းမြစ်များကလည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသည့် အနေအထားတွင် ရှိပါသည်။ သဘာဝ သယံဇာတများကို သုံးစွဲရာမှာ စနစ်တကျ ရှိရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် သဟဇာတဖြစ်ရေး၊ စီမံခန့်ခွဲမှု နိုင်နင်းရေးတို့၏ အချိန်အဆကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန်လည်း ဆောင်ရွက်နေသည်များကို သတိပြုမိပါသည်။
နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပိတ်ပင်မှုများ၊ စီမံခန့်ခွဲမှုအလွဲအမှားများနှင့် အဂတိလိုက်စားမှုများကြောင့် တန့်သွားခဲ့ရသော စီးပွားရေးအရှိန်အဟုန်ကို ယနေ့ကာလတွင် ပြန်လည်ထူထောင်ကာ မြှင့်တင်နိုင်ရေး အားစိုက်ကြိုးပမ်းနေပါသည်။
ပြည်သူလူထုရွေးကောက်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းသော ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ နိုင်ငံရေး တည်ငြိမ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားမှု၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတို့နှင့်အတူ စီးပွားရေးတည်ငြိမ်ရေးတို့ကို စနစ်တကျ တစ်ဆင့်ချင်း ဆောင်ရွက်နေပါသည်။
ပုဂ္ဂလိက စီးပွားရေးကဏ္ဍကို အားကောင်းအောင်နှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးပွားများပြားအောင် ဖော်ဆောင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်တို့ကို အရည်အသွေး မြှင့်တင်ရေးအတွက် ပြည်သူ့ပညာရေးစနစ် ပြည်သူ့ကျန်းမာရေးစနစ်တို့ မြင့်မားစေရေးကိုလည်း အားထုတ် ကြိုးပမ်းနေသည်ကို တွေ့ရပါသည်။
နိုင်ငံ၏ စီးပွားတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဖို့ ကြိုးစားရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါပုံကို ကောင်းစွာ သိရှိနားလည်ပြီး ထိုရင်းနှီးမြှုပ်နှံမှုတို့ ဝင်ရောက်နိုင်ရန် အခြေခံအဆောက် အအုံနှင့် အခင်းအကျင်းများကို ပြင်ဆင်ခြင်း၊ လိုအပ်သလို ပြောင်းလဲခြင်းနှင့် အကျပ်အတည်း အခက်အခဲများကို ပြုပြင်ခြင်းတို့ကို ကြိုးစား ဆောင်ရွက်ရပါသည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျရှိရေးနှင့် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုလည်း ပါဝင်နိုင်ရေးတို့အတွက် စီးပွားရေး အခြေခံအဆောက်အအုံများနှင့် အခင်းအကျင်းများဟုဆိုရာ တွင် အဓိကအားဖြင့် လိုအပ်သော ဖြေလျှော့မှုများနှင့် ဥပဒေစည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းတို့ တိတိကျကျ သတ်မှတ်ပြီးဖြစ်ကာ လိုက်နာ နိုင်ရေး၊ ကြိုးနီစနစ်များကို ပယ်ဖျက်နိုင်ရေး၊ အဂတိကင်းရှင်းရေးတို့ကို ဆောင်ရွက်လုပ်ကိုင်နေသည်ကိုလည်း တွေ့ရှိရပါသည်။
နိုင်ငံရေးမတည်ငြိမ်မှု ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အမှောင်ကျမှုတို့ နှစ်ရှည်ကြာ ရင်ဆိုင်ခဲ့ရသော နိုင်ငံတစ်ခုအနေဖြင့် စိန်ခေါ်မှုများ ပြဿနာများစွာကို ရင်ဆိုင်ဖြေရှင်းနေရသည်မှာ မဆန်းပါ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် “စိန်ခေါ်မှုတွေရှိနေတဲ့ နယ်ပယ်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေအဖြစ် ရှိနေတဲ့အတွက် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ကြဖို့” ဆိုသောစကားအတိုင်း ဤနိုင်ငံသည် အခွင့်အလမ်းများစွာ ရှိနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသူများဆိုသည်မှာ စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး စွန့်စားလုပ်ကိုင် ကျော်လွှားဖြေရှင်းနိုင်သူများ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များကို တိုးမြှင့်ဖော်ဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။