ရန်ကုန် ၃၀ ဇန်နဝါရီ 


သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်မှသည် တိုင်းရင်းသားများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့်အတူ ခရီးသွားလာရေး လုပ်ငန်းများနှင့် ဒေသထွက်ကုန်များကို တိုင်းရင်းသားများ အချင်းချင်း ဆက်သွယ်ရောင်းချနိုင်သည့် စီးပွားရေး အခွင့်အလမ်းများ ဖြစ်ပေါ်စေကြောင်း ပြခန်းလာရောက် ဖွင့်လှစ်ရောင်းချသည့် တိုင်းရင်းသားများက ပြောသည်။


''ဒီပြခန်းမှာ ကျွန်တော်တို့ဘက်ကထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့ ဘိန်းအစားထိုး စိုက်ပျိုးထားတဲ့ လက်ဖက်တို့၊ ပျားလိမ္မော်တို့ ရောင်းချပါတယ်။ ကျွန်တော်တို့ ဒေသက ကုန်ပစ္စည်းက ရှားပါးပစ္စည်းဖြစ်သလို ပြည်မနဲ့ထိတွေ့ ရောင်းဝယ်ဖောက်ကားလို့ မလွယ်တဲ့ပစ္စည်းဖြစ်တဲ့အတွက် အခုရောင်းခွင့်ရတာ အင်မတန်မှ အားရကျေနပ်စရာ ကောင်းပါတယ်။ အားပေးတဲ့ တိုင်းရင်းသားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဘက်က အများကြီး ယူလာချင်တယ်။ ထွက်ကုန်ပစ္စည်းတော်တော်များများ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုကြောင့် အဝတ်အစားတွေဆို ရောင်းချဖို့အများကြီး မပါဘူး။ ကျွန်တော်တို့ရိုးရာလွယ်အိတ်၊ အဝတ်အထည် တွေဆိုရင်လည်း ပြဖို့ပဲပါလာတယ်။ တခြားတိုင်းရင်းသား တွေတော့ မသိဘူး“'ဝ'လူမျိုးတွေအနေနဲ့ ဒီလိုပွဲ ကျင်းပ ပေးတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ သွေးချင်း တို့ရဲ့ ပွဲတော်ဆီ” ပွဲတော်မှာ ပါဝင်ခွင့်ရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့“ 'ဝ'ဆိုတာက ကိုယ်ပိုင်စာပေ၊ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးတမ်းစဉ်လာတွေနဲ့ ရပ်တည်နေတယ် ဆိုတာကို ပြသခွင့်ရတဲ့အတွက် အင်မတန်မှဂုဏ်ယူပါတယ်'' ဟု 'ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြခန်းတာဝန်ရှိသူ အိုက်ဥက ပြောသည်။


ကျွန်မတို့အဖွဲ့က သံတောင်ကပါ။ ကျွန်မတို့က အော်ဂဲနစ်ကော်ဖီစစ်စစ်နဲ့၊ လက်ဖက်စို၊ လက်ဖက်ခြောက်၊ စပျစ်ဝိုင်အော်ဂဲနစ်စစ်စစ်တွေ၊ သံတောင်ကြီး ကော်ဖီတွေထုတ်ပါတယ်။ ဖာလာ၊ ကွမ်းသီးလည်းထွက်ပါတယ်။ ကျွန်မတို့ ငယ်ငယ်လေးလောက်ကပဲ သွေးချင်းတွေတွေ့ဖူးတာပါ။ ရိုးရာ စားသောက်ကုန်တွေ ဖော်ထုတ်ခွင့်ရလို့ ပျော်ပါတယ်။ ကရင်ပြည်နယ် တောင်ပေါ်မြို့ကနေလာပြီး ရောင်းချခွင့်ရတာ ဝမ်းသာပါတယ်။ ဒီလိုပွဲတွေ နှစ်စဉ်လည်း ကျင်းပပေးစေချင်ပါတယ်။ အခုအချိန်မှာဆိုရင်Community Base Tourism ကို သွားတဲ့အခါကျတော့ ပြည်သူတွေလည်း ဒီအကျိုးအမြတ်ကို ခံစားရတယ်။ လာတဲ့ဧည့်သည်တွေလည်း ပျော်ရွှင်ကြပါ တယ်။ ကျွန်မတို့လည်း ထုတ်ကုန်တွေရောင်းချရတဲ့အတွက် ဝမ်းသာပါတယ်။ သံတောင်ကြီးဒေသက ကရင်ပြည်နယ်ရဲ့ မြောက်ဘက်မှာရှိတယ်။ လာရောက် လည်ပတ်မယ်ဆိုရင် ရေတံခွန်တွေ၊ ကော်ဖီခြံတွေရှိတယ်။ တောင်ပေါ် ခရီးလမ်း လျှောက်လို့ရတယ်။ အခုပွဲကနေ တခြားတိုင်းရင်းသားတွေရဲ့ ထုတ်ကုန်တွေ ကိုလည်း ပိုသိရတယ်။ ကျွန်မတို့တောင်ပေါ်ဒေသမှာဆို ငါးပိ၊ ငါးခြောက် မရှိတော့ တခြားဒေသ တိုင်းရင်းသားတွေဆီကနေ ချိတ်ဆက်ဝယ်ယူပြီး ပြန်ပြီးဖြန့်ချိနိုင်ပါတယ်။ သံတောင်ကော်ဖီကို ထိုင်းနိုင်ငံ ချင်းမိုင်ကတစ်ဆင့် အမေရိကအထိ ပြည်ပတွေကိုလည်း တင်ပို့နေပါပြီ'' ဟု မမာမာချို (သံတောင်ကြီးအမျိုးသမီးအဖွဲ့) က ပြောသည်။


အဆိုပါပွဲတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် 'ဝ'၊ ကိုးကန့်၊ တအာင်း(ပလောင်)၊ ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလေးခုအပါအဝင် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ ဒေသထွက်ကုန်များ၊ ရိုးရာအဝတ်အထည်များကို ပြသရောင်းချလျက်ရှိ သည်။


သတင်း - သန့်ဇင်ဝင်း
ဓာတ်ပုံ-လှမို