ပင်းတယ ၃၀ ဇန်နဝါရီ


ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့တွင် ၁၀ ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ စုံညီပွဲတော်ကို ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ပင်လောင်းမြို့နယ် တောင်ရိုးလူငယ် အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

 

123


တောင်ရိုးအမျိုးသားနေ့ စုံညီပွဲတော်ကို ၂၀၁၀ ပြည့်နှစ်မှစတင်၍ တောင်ရိုးအမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ၊ ဘာသာစကား၊ စာပေ၊ ဝတ်စားဆင်ယင်မှုတို့ကို ပြန်လည်ဖော်ထုတ်သည့် အနေဖြင့် ကျင်းပလာခဲ့ရာ ယခု ၁၀ ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ စုံညီပွဲတော်ကို လာမည့် မတ်လ ၅ ရက်မှ ၉ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


"ပွဲတော်ရက်ကတော့ တစ်ရက်တည်းဆိုပေမယ့် ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကျတော့ ပွဲတော်ရက် မတိုင်ခင် လေးရက် အလိုကတည်းက ကျင်းပတာပါ။ ဒီနှစ် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့တွေက မနှစ်က အဖွဲ့တစ်ရာ လောက်ကနေ အခု ၁၆၀ ကျော်ထိဆိုတော့ အဖွဲ့ ၆၀ ကျော် တိုးလာပါတယ် "  ဟု တောင်ရိုးလူငယ် အထောက်အကူပြု အဖွဲ့ခေါင်းဆောင် ဦးအောင်ဆန်းကပြောသည်။


တောင်ရိုးအမျိုးသားနေ့ စုံညီပွဲတော်တွင် တောင်ရိုး အမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အကများ၊ အားကစားများ၊ ရိုးရာအစားအသောက် ပြခန်းများ၊ ရိုးရာဝတ်စုံပြခန်းများ၊ ရိုးရာတူရိယာ ပြခန်းများနှင့် ရိုးရာအသုံးအဆောင် ပစ္စည်းပြခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


သူရိန်လင်း