၃၀ ဇန်နဝါရီ
သံမဏိရိုင်းသတ္တုတွင်းတစ်ခုရှိ ဆည်ကျိုးမှုနှင့်ပတ်သက်ပြီး ဘရာဇီးရဲတပ်ဖွဲ့က လူငါးဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါ ဆည်ကျိုးမှုမှာ မိုင်နတ်စ်ဂီရက်စ်ပြည်နယ်၊ အရှေ့တောင်ဖက် ဘရူမာဒင်ဟိုမြို့တွင် ပြီးခဲ့သော သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖြစ်အပျက်အတွင်း လူပေါင်း ၈၄ဦး သေဆုံးပြီး ၂၇၆ ဦး ပျောက်ဆုံးလျက်ရှိနေသည်။
အဆိုပါ လူငါးဦးကို လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းသည်ဆိုသော သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် လွန်ခဲ့သောလများစွာအတွင်း ဆည်ကိုစစ်ဆေးခဲ့သည့် ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းများလည်း ပါဝင်သည်။
အဆိုပါ ဆည်ကို ဘရာဇီး သတ္တုလုပ်ငန်း Vale SA က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ Vale SA က ဆောက်လုပ်ခဲ့သည့် အဆိုပါပြည်နယ်အတွင်းရှိ အခြားဆည်တစ်ခုမှာလည်း ၂၀၁၅ ခုနှစ်တွင်လည်း ဆည်ကျိုးမှုဖြစ်ပွားပြီး လူပေါင်း ၁၉ဦး သေဆုံးခဲ့သည်။

စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
ဆည်ကျိုးမှုကြောင့် နေအိမ်များ၊ ဟိုတယ်များအတွင်း ရွံ့များနှင့် သတ္တုရိုင်းများ ဝင်ရောက်ခြင်းခံခဲ့ရသည်။ ကယ်ဆယ်ရေးလုပ်ငန်းမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
အဆိုပါ အဖြစ်အပျက်အတွက် Vale SA က တာဝန်ရှိကြောင်း ဘရာဇီးအစိုးရက ပြောကြားသည်။ ဆည်အနီး နေထိုင်သူများကို ထောက်ပံ့ရန် ကုမ္ပဏီ၏ ပိုင်ဆိုင်မှု ၂ဒသမ ၇ဘီလီယံအထိ သုံးစွဲရန် စီစဉ်နေကြောင်း ဘရာဇီးအစိုးရက ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
