မုံရွာ ၃ဝ ဇန်နဝါရီ
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ရေယာဉ်များနှင့် ကုန်တင် ရေယာဉ်များ ချင်းတွင်းမြစ်၏ ရေနည်းကာလများဖြစ်သော ဆောင်းရာသီနှင့် နွေရာသီတို့တွင် သွားလာမှု အဆင်ပြေစေရန် နယ်သာလန်နိုင်ငံမှ ကူညီမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်း၏ ပြောကြားချက်အရ သိရသည်။
''ချင်းတွင်းမြစ်က ဧရာဝတီရဲ့ မြစ်လက်တက်ဖြစ်တာကြောင့် ဧရာဝတီဖွံ့ဖြိုးရေး အစီအစဉ်အရ လုပ်ဆောင်ပေးတာပါ၊ ချင်းတွင်းမြစ်အောက်ပိုင်းနဲ့ အထက်ပိုင်းဆိုပြီး (၂)ပိုင်းခွဲပြီး အကူအညီပေးမယ်လို့ သိရတယ်၊ အခုပထမဦးဆုံးအနေနဲ့ ရေကြောင်းကြပ်မှု အများဆုံးဖြစ်နေတဲ့ ချင်းတွင်းမြစ်အထက်ပိုင်းဖြစ်တဲ့ မော်လိုက်မြို့ကနေ ခန္တီးမြို့အထိ ရေလမ်းကြောင်းကို စတင်တပ်ဆင် စမ်းသပ်သွားမယ်လို့သိရတယ်၊ ကိရိယာ(၅)ခု တပ်ပေးလိုက်လို့ရှိရင် ရေယာဉ်(၅)စီးစလုံးက သူသွားချင်တဲ့ နေရာကနေသွားမယ်၊ အဲဒီလိုသွားခဲ့ရင် အကောင်းဆုံးလမ်းကြောင်း ကတော့ တစ်ကြောင်းထဲပဲ ပေါ်လာမယ်၊ ကိရိယာတွေ တပ်ဆင်ထားတဲ့ ရေယာဉ်တွေကဖော်ပြထားတဲ့ ရေလမ်းကြောင်းကို ရွေးချယ်ခုတ်မောင်းရုံပဲ၊ ရာသီဥတုအခြေအနေနဲ့ အခြားအန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေကို ဒီကိရိယာတွေတပ်ဆင်လိုက်ရင်အဆင်ပြေသွားမယ်၊ ရေယာဉ်တွေအနေနဲ့ ရေနည်းကာလမှာ သွားလာမှု အဆင်ပြေသွားမှာဖြစ်တဲ့အတွက် ခရီးသည်တွေ၊ ကုန်စည်တွေ စီးဆင်းမှုမြန်ဆန် သွက်လက်သွားမှာ ဖြစ်ပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်းက ပြောသည်။
ချင်းတွင်းမြစ် ရေနည်းကာလ၌ သွားလာမှုအဆင်ပြေရန် လုပ်ဆောင်ပေးမည် အစီအစဉ်တွင်ကုန်တင် ရေယာဉ်နှင့် လူစီးအမြန်ရေယာဉ်များတွင် လက်ရှိရေအနက်တိုင်းကိရိယာ၊ မိုးလေဝသအခြေအနေကို သိနိုင်သော ကိရိယာ၊ ရေယာဉ်များ၌ ခရီးသည်(သို့)ကုန်စည်ကို တင်ဆောင်ထားသည့် အလေးချိန်ကို သိနိုင်သောကိရိယာ၊ ရေယာဉ်အန္တရာယ်တစ်ခုခုဖြစ်ချိန်တွင် အလိုအလျောက် အသံမြည်သောကိရိယာနှင့် အကောင်းဆုံးရေလမ်းကြောင်းကို ရွေးချယ်ပေးသော ကိရိယာများ ပါဝင်မည်ဖြစ်ကြောင်းနှင့် ၎င်းကိရိယာများကို ၂ဝ၁၉ ဖေဖော်ဝါရီလအတွင်း ကိရိယာများအား ရေယာဉ်(၂)စီးအား လည်းကောင်း၊ မတ်လအတွင်းရေယာဉ်(၃)စီးအားလည်းကောင်း လာရောက် တပ်ဆင်ပေးကာ ရေနည်းကာလ (၂)နှစ်အကြာ စမ်းသပ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)