စစ်ကိုင်း ၃၀  ဇန်နဝါရီ


ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်း တံတားဟောင်းပေါ်မှ ဖခင်ဖြစ်သူနှင့် လေးနှစ်သမီးတို့ ခုန်ချမှုဖြစ်ပွားခဲ့ရာ ယနေ့နံနက် ၈ နာရီခွဲတွင် ဖခင်ဖြစ်သူ၏ အလောင်းအား ရှာဖွေတွေရှိခဲ့ပြီး သမီးဖြစ်သူကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်း စစ်ကိုင်း   (SERT) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ  သိရသည်။


ဖခင်ဖြစ်သူမှာ ဦးစိုးမင်းသိန်းဖြစ်ပြီး သမီးမှာ မဖြူစင်သွယ် ဖြစ်ကြောင်းနှင့် သမီးဖြစ်သူအား မျက်လုံးကင်ဆာ ရောဂါခွဲစိတ်ရန် ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက နေအိမ်မှထွက်ခွာသွားခဲ့ပြီး စစ်ကိုင်းတံတားဟောင်းပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အသက် ၄ နှစ်သမီးငယ်မှာ မျက်လုံးကင်ဆာဝေဒနာရှင်တစ်ဦးဖြစ်ပြီး ရောဂါခွဲစိတ်ရန် တစ်ရက်အလိုတွင် ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ကြေညာခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် စစ်ကိုင်းအခြေစိုက် သတင်းမီဒီယာသမားများ၏ လူမှုကွန်ရက်ပေါ်၌ ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းတံတားဟောင်းပေါ်မှ သားအဖနှစ်ဦး ခုန်ချသွားကြောင်းရေးသား သတင်းများ ပေါ်ထွက် လာခဲ့သည်။
 

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း SERT အဖွဲ့မှ ကိုစိုးမင်းဦးက “ကျွန်တော်တို့ဒီနေ့ လှေ ၂ စီးနဲ့ လူ ၁၁ ယောက်ပေါ့၊ နောက်မှန်ဘီလူးနဲ့ ရေပြင်မှာ ရှာဖွေပါတယ်။ ရေငုပ်တာတော့ မဟုတ်တော့ဘူးခင်ဗျာ။ လှေနဲ့ပဲဧရာဝတီမြစ် စစ်ကိုင်းမြစ်ကြောင်းကို စုန်ဆန်ရှာနေပါတယ်။ ဒီနေ့ မနက်ကမှ အဖေဖြစ်သူကို ရှာဖွေတွေရှိခဲ့တာပါ။ သမီးဖြစ်သူကို ဆက်လက်ရှာဖွေနေပါတယ်” ဟု ပြောသည်။


အဆိုပါ သားအဖနှစ်ဦးသည် မန္တလေးမြို့ ကန်ပတ်လမ်း ဝါဆိုကျောင်းတိုက် အနီးတွင် နေထိုင်ကြပြီး သားအဖ နှစ်ဦးပျောက်ဆုံးမှုနှင့်ပတ်သက်၍ မန္တလေး အရမပူရ ရဲစခန်းတွင် သေမှုသေခင်း အမှုဖွင့်ထားကြောင်းသိရသည်။


ခိုင်ဇေယျ