ဒီးမော့ဆို ၃၀ ဇန်နဝါရီ 


ကယားပြည်နယ် ဒီးမော့ဆိုမြို့ နယ်တွင် ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နွေစပါး ၃၂၅၈ ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ငွေတောင်ဆည်မှ နွေစပါးဧက ၁၆ဝဝ ကျော် ရေပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။


၂ဝ၁၈-၂ဝ၁၉ ခုနှစ် ဒီးမော့ ဆိုမြို့နယ်တွင် ကျေးရွာအုပ်စု ၁၂ အုပ်စုမှ ငွေတောင်ဆည် အပါအဝင် အခြားဆည်ကန်ရှစ်ခုမှ ပေးဝေသောရေဖြင့် နွေစပါး ၂၈၇၃ ဧကနှင့် သဘာဝရေ၊ ချောင်း/ မြောင်း၊ ရေစုပ် ရေတင်စနစ်မှ ပေးဝေသောရေဖြင့် နွေစပါး ၃၈၅ ဧက စုစုပေါင်း နွေစပါး ၃၂၅၈ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိ ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ဒီးမော့ဆိုမြို့နယ်တွင်နွေစပါး ၃၁၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


နွေစပါးစိုက်ပျိုးချိန်တွင် ငွေတောင်ဆည်မှ နွေစပါးဧက ၁၆ဝဝ ကျော် ရေပေးဝေနိုင်ရန် လျာထားသော်လည်း ဒေသခံ တောင်သူများက ငွေတောင်ဆည်မှ ပေးဝေသော ရေဖြင့် နွေစပါး ပိုမိုစိုက်ပျိုးနိုင်ရန် လိုလားလျက်ရှိပြီး လျာထားဧကထက် ကျော်လွန်၍ ရေပေးဝေပါက စိုက်ပျိုးချိန်တွင် ရေရရှိမှု နည်းပါးသွားမည် ဖြစ်သည့်အတွက် နောင်နှစ်များတွင် အလှည့်ကျစနစ်ဖြင့် ရေပေးဝေနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။


ကျော်ဆန်းမြင့် (ပြန်/ဆက်)