မင်းလှ ၃၀ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးသွားသောလယ်ယာမြေဧရိယာများအား ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်က လယ်ယာမြေများ ပျက်စီးခြင်းအတွက် စိတ်ဓာတ်မကျပဲ အကောင်းမွန်ဆုံး သီးနှံများကိုဂရုတစိုက်ပြန်လည်စိုက်ပျိုးကြရန် အမှာစကားပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမိုးညိုက ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုန့်ပြန်မူဆိုင်ရာနည်းလမ်း IRM အစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ် ရေကြီးနစ်မြုပ်မူကြောင့် ပျက်စီးသွားသော လယ်မြေများအတွက် ဓာတ်မြေသြဇာများ ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ငါးဧကလျှင် ကွန်ပေါင်းဓာတ်မြေသြဇာ တစ်အိတ်နူန်း ထောက်ပံ့ခြင်း၊ တောင်သူတစ်ဦး ချင်း ပျက်ဧကစာရင်းအား ကွင်းဝန်ထမ်းများဖြစ်သော စိုက်ပျိုးရေး၊ မြေစာရင်း၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာလယ်စီ အဖွဲ့များက ကွင်းဆင်း ကောက်ယူစာရင်း ပြုစုပြီးဖြစ်ကြောင်း၊ ပျက်ဧက တောင်သူတစ်ဦးချင်းစီ စာရင်အား ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် ကြော်ငြာကပ်ထားရန်တို့ကို ပြောကြားသည်။
ထို့နောက်မင်းလှမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော စိန်ပု၊ သာယာကုန်း၊ လှည်းကူး၊ ကြို့ကုန်း (၁)၊ အုန်းပင်ပေါက်၊ အင်းဘုတ်ကုန်း၊ သဲကော၊ ပေပင်တန်း၊ ဗျက်ကြီး၊ သင်တောရိုး ကျေးရွာများမှာ တောင်သူ (၄၄၁) ဦး၏ မိုးစပါးဧရိယာပေါင်း (၁၇၉၅) အတွက် ကွန်ပေါင်းဓာတ်မြေသြဇာအိတ် (၅၀ ကီလိုဂရမ်) (၃၅၉) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ
