နေပြည်တော် ၃၀ ဇန်နဝါရီ
ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် ကျပ်ငါးရာတန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ၌ ဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်များတွင် ပျောက်ဆုံးထီလက်မှတ် နံပါတ်များပါရှိပါက ရောင်းချပြီးသည့် ထီလက်မှတ်နံပါတ် ထွက်ပေါ်လာသည့်အထိ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ထို့ပြင် ဝေဝေဆာဆာဆုမဲစနစ်တွင်လည်း ပျောက်ဆုံးထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်ပါက အဆိုပါဆုတန်ဖိုးများနှင့် ယာယီဘဏ္ဍာသိမ်းငွေကျပ် (၇၅၃၀ဝ၀) ကိုပေါင်း၍ အခြားသင့်လျော်သော ဆုမဲများဖြင့် အစားထိုး ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
(၂၃)ကြိမ်မြောက် ကျပ်ငါးရာတန် ထီဖွင့်ပွဲအတွက် (“က” အက္ခရာမှ “အ” အက္ခရာအထိ၊ “ကက” အက္ခရာမှ “ကဓ” အက္ခရာအထိ) အက္ခရာလုံးရေ စုစုပေါင်း (၅၂)လုံး၊ ထီစာအုပ်စုစုပေါင်း (၄၂၅၄၅၃၆)အုပ်ကို ရောင်းချခဲ့ရာ ထီစာအုပ် (၁၂၈၅)အုပ်၌ ပျောက်ဆုံးထီ လက်မှတ်များဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့၏စာရင်းကို ဇန်နဝါရီ ၁၀ ရက်က အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် (၂၃)ကြိမ်မြောက် ကျပ်ငါးရာတန်ထီဖွင့်ပွဲတွင် ရောင်းချရသည့် ထီစာအုပ် စုစုပေါင်း (၄၂၅၃၂၅၁)အုပ်၊ ရောင်းချရသည့် ငွေကျပ်သန်းပေါင်း (၂၁၂၆၆ဒသမ၂၅၅) ဖြစ်ပြီး ထီဆုငွေအဖြစ် ခွဲဝေပေးမည့် ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းမှာ ငွေကျပ်သန်းပေါင်း (၁၂၇၅၉ ဒသမ ၇၅၃) ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ် ချီးမြှင့်မည့် ထီဆုငွေများကို အထူးဆုကြီးစနစ်တွင် ကျပ်သိန်းတစ်သောင်းဆု (၁)ဆု၊ ကျပ်သိန်းငါးထောင်ဆု (၂)ဆု၊ ကျပ်သိန်းသုံးထောင်ဆု (၃)ဆု၊ ကျပ်သိန်းတစ်ထောင်ဆု (၆)ဆုအပါအဝင် ဆုတစ်ဆုချင်းစနစ်နှင့် ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်များကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(၂၃)ကြိမ်မြောက် ကျပ်ငါးရာတန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၈ နာရီမှ စတင်၍ ရန်ကုန်မြို့ ကျောက်တံတာမြို့နယ်ရှိ ထီဖွင့်ပွဲခန်းမ၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆုငွေထုတ်ပေးခြင်းကို ကျပ်သိန်း (၁၀)အထက် ကံထူးရှင်များအား ဖေဖော်ဝါရီ ၄ ရက်တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ကျပ်သိန်း(၁၀)အောက် ကံထူးရှင်များကို ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသူဟိန်း