နေပြည်တော် ၃၀ ဇန်နဝါရီ
တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီများသို့ မော်တော်ယာဉ်နှင့် သင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ (၈၁)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မော်တော်ယာဉ်နှင့် မော်တော်ယာဉ် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ရာ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ်၊ ကယားပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်လေး၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဌေးနောင်၊ ပဲခူးတိုင်းဒေသကြီးတပ်ဖွဲ့မှူး ဒေါက်တာနေမျိုး၊ မွန်ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်လှကြင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလှအေး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဆိုင်ပူးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်တို့က လက်ခံခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌက ရှေးဦးပြုစုခြင်း အခြေခံအသက်ကယ် အထောက်အကူပြုပစ္စည်းများကို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရှိရသည်။
မွှေးကြူဇင်