နေပြည်တော် ၃၀ ဇန်နဝါရီ
လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဂျာမနီနိုင်ငံ KfW ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေး အစီအစဉ်-၂၊ “Rural Electrification Programme II: On Grid Electrification Component” စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်း တင်ဒါအောင်မြင်သည့် Consortium of Consulectra (Germany) Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရန် ရည်ရွယ်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် World Bank၊ ADB၊ JICA၊ KfW Bank စသည်တို့ထံမှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများ ရယူကာလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအပိုင်းကိုလည်း တွန်းအားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၈ သန်းရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အထိအိမ်ထောင်စုပေါင်း ၄ ဒသမ ၇၄ သန်း (၄၃ %) ခန့်သာဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိပြီး ၆ ဒသမ ၁၄ သန်း (၅၇ %) ခန့်မှာ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်နေပါကြောင်း၊
၂၀၂၁ ခုနှစ်တွင် လက်ရှိ အိမ်ထောင်စုအားလုံး၏ ၅၅ ရာခိုင်နှုန်းခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ယခုဂျာမနီချေးငွေ အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများထံမှ ချေးငွေ၊ ထောက်ပံ့ငွေများဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ဂျာမနီနိုင်ငံ KfW Bank ထံမှ ချေးငွေယူရို ၂၃ ဒသမ ၈၈၃ သန်း နှင့် ထောက်ပံ့ငွေယူရို ၆ ဒသမ ၅၃၅ သန်း၊ စုစုပေါင်းယူရို ၃၀ ဒသမ ၄၁၈ သန်း ရယူခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီး၊ လွိုင်လင်နှင့် လင်းခေးခရိုင်များ အတွင်းတွင် ၆၆ ကေဗွီ၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ဓာတ်အားခွဲရုံများနှင့် ဆက်စပ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းနှင့် ကျေးရွာ ၄၁၆ ရွာနှင့် အိမ်ထောင်စုပေါင်း ၃၂၄၀၆ စုဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသွားမည့်အပြင် ၎င်းဒေသရှိ လျှပ်စစ်ဓာတ်အားရရှိပြီး ကျေးရွာများကိုလည်း ဗို့အားပိုမိုပြည့်ဝတည်ငြိမ်စွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊
လက်ရှိအချိန်အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အိမ်ထောင်စုပေါင်း ၅၁၄၆၃၉ စု၏ ၄၂ ဒသမ ၆၄ ရာခိုင်နှုန်းအား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပါကြောင်း၊ ယခုစီမံကိန်းဆောင်ရွက်ပြီးစီးပါက ၄၈ ဒသမ ၉၄ ရာခိုင်နှုန်းအထိ တိုးတက်ရရှိသွားမည်ဖြစ်၍ အဆိုပါစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ဓာတ်အားသုံးစွဲမှုရာခိုင်နှုန်း (Electrification Ratio) မှာ ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်လာကာ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲမှု (Electrification Ratio) မှာ စုစုပေါင်း ၄၈ ဒသမ ၉၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဂျာမနီသံရုံးမှ Head of Development Cooperation, Dr. Katharina Spiess က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တင်ဒါအောင်မြင်သည့် Consortium of Consulectra (Germany) Co.,Ltd မှ Project Coordinator, Mr. Jurgen Kampa တို့က စာချုပ်များတွင် လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန်အတွက် အကြံပေးဝန်ဆောင်မှု လုပ်ငန်းများတွင် အပါအဝင်ဖြစ်သည့် Bidding Document များ ပြင်ဆင်ခြင်းလုပ်ငန်းများအား စာချုပ်ချုပ်ဆိုပြီး နှစ်ပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)