နေပြည်တော် ၃၀ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိနေသော နယ်စပ်ဒေသအသီးသီးမှ လူငယ်မောင်မယ်များသည် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေး ခရီးစဉ် တတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သတင်းရိုက်ကူးတည်းဖြတ် ထုတ်လွှင့်ပုံအဆင့်ဆင့်၊ တိုင်းရင်းသားရုပ်သံလိုင်း(NRC) ထုတ်လွှင့်နေမှုများနှင့် ရေဒီယိုထုတ်လွှင့်ရေး အစီအစဉ်များကို လိုက်လံရှင်းလင်းပြသပြီး လေ့လာရေးအဖွဲ့များ၏ ရိုးရာအကများကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ လူငယ်မောင်မယ် လေ့လာရေးအဖွဲ့များသည် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လေ့လာရေး အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။
ထို့နောက် လူငယ်မောင်မယ် လေ့လာရေးအဖွဲ့များသည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ညနေပိုင်းတွင် နေပြည်တော်ရေပန်းဥယျာဉ်သို့ ဆက်လက်ပို့ဆောင် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)