အမ်း  ၃၀  ဇန်နဝါရီ


 
လယ်ယာမြေစီမံခန့်ခွဲ အသုံးချမှုသင်တန်းကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ သင်တန်းဖွင့်ပွဲတွင် လူသရမ်ဝေါလ်ဖက်ဒရေးရှင်းမှ  စီမံကိန်းညှိနှိုင်းရေးမှူး ဆရာဦးစန်းဌေးက သင်တန်းကို လယ်ယာမြေများအား စနစ်တကျ စီမံခန့်ခွဲအသုံးချတတ်စေရန်၊ လယ်ယာမြေဥပဒေကို သိရှိနားလည်စေရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက လယ်ယာမြေဥပဒေ၊ မြေလွတ်/မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ စာချုပ်စာတမ်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် လယ်ယာမြေ၊ ကိုင်းကျွန်းမြေ၊ ဥယာဉ်မြေ၊ ဒနိမြေ၊ တောင်ယာမြေ၊ တောရိုင်းမြေ၊ မြေရိုင်း၊ သစ်တောကြိုးဝိုင်းမြေနှင့် အခြားမြေများအကြောင်း၊ မြေလွတ်/မြေလပ်နှင့်  မြေရိုင်းများ လုပ်ကိုင်ခွင့်/ အသုံးပြုခွင့် လျှောက်ထားနိုင်သူများ၊ လျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစားနှင့် လျှောက်လွှာပုံစံများ ရရှိရေးအတွက် သိရှိထားသင့်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ သင်တန်းသို့ ဂါယ်လောင်းကျေးရွာ၊ တိုက်မော်ကျေးရွာ၊ ဝက်မှီးတိုကျေးရွာများမှ ဒေသခံတောင်သူများ တက်ရောက်ကြပြီး သင်တန်းအား နှစ်ရက်ခန့် ဖွင့်လှစ်မည်ဖြစ်ကာ မြေလွတ်/မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရရှိရေးအတွက် သိရှိထားသင့်သော အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ သင်တန်းကို လူသရမ်ဝေါလ်ဖက်ဒရေးရှင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

MDN