ပဲခူး  ၃၀  ဇန်နဝါရီ

 

ပဲခူးမြို့ ရှေးဟောင်းကျုံးနှင့် မြို့ရိုး ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တင်ဒါအောင်မြင်ခဲ့သော Asia Peacock ဟံသာဝတီ ကုမ္ပဏီလီမိတက်မှ တာဝန်ယူကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

556++

 

အဆိုပါ တူးဖော်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၇ ရက်မှစ၍ ပထမအဆင့်အနေဖြင့် ဟံသာဝတီမြို့ဟောင်း၏ အနောက်မြောက်ဘက် သိန္ဒီတံခါးအနီးရှိ ရှေးဟောင်းမြို့ရိုး အရှည်ပေ (၁၂၀ဝ)ခန့်အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ် ၁၈၀ ဒသမ ၂၂၆ သန်းဖြင့် လည်းကောင်း၊ ကျုံးတူးဖော်ခြင်းလုပ်ငန်းနှင့် ကျုံးပတ်လမ်းအနေဖြင့် မြေသားလမ်း အကျယ် ၂၂ ပေ၊ ဂဝံလမ်းအကျယ် ၁၈ ပေ၊ အရှည် ၃၅၄၀ ပေအား ခွင့်ပြုငွေကျပ် ၁၈၅ ဒသမ ၇၅ သန်းဖြင့်လည်းကောင်း၊ Asia Peacock ဟံသာဝတီ ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသည့်အပြင် ကျုံးအတွင်းရှိ အမှိုက်၊ ဒိုက်၊ နှုံးများလည်း ပြန်လည်တူးဖော် ဆယ်ယူခြင်း၊ မူလမြို့ရိုး တံခါးနေရာများဖော်ထုတ်၍ ဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော်ကြီးနှင့်အတူ မြို့ရိုးများ၊ ကျုံးများအား ခရစ်သက္ကရာဇ် (AD-၁၅၅၁) ခုနှစ်တွင် နန်းတက်သည့် ဘဝရှင် ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရာသီဥတုဒဏ်နှင့် အခြား ဘေးအန္တရာယ် အမျိုးမျိုးတို့ကြောင့် အတော်အတန် ပျက်စီးနေခဲ့သည်မှာ နှစ်ပေါင်း (၄၅၀)ကျော် ရှိခဲ့ပြီဖြစ်သည်။ 


ကျုံးတူးဖော်နေစဉ် ရှေးဟောင်းဝတ္ထုပစ္စည်းများ တွေ့ရှိခဲ့ပါက မသမာမှုများမရှိစေရန် ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပဲခူးမြို့ ရှေးဟောင်းကျုံးနှင့် မြို့ရိုး ပြန်လည်တူးဖော်ခြင်းလုပ်ငန်းခွင်အား ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)