စဉ့်ကိုင် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသာ/ကျောင်းသူ များကို အမျိုးသားအောင်ပွဲနေ့ အကြောင်းသိရှိစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် အတွက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းမှတ် အသိပညာပေးဟောပြောပွဲနှင့်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်လူထု အခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဌ ရှေ့နေ ဦးဝင်းကြည်(စဉ့်ကိုင်)က ကျောင်းသား ကျောင်းသူများကို အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းသိရှိပြီး အမျိုးသားရေးတာဝန် ၊ အမျိုးသားရေး စိတ်ဓာတ်များပိုမိုနားလည်လာကာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဟောပြောခဲ့သည်။
ဆက်လက်၍ (၁၀၁)နှစ်မြှောက် အမျိုးသားအောင်ပွဲနေ့ အကြို ပုံပြော၊ ကဗျာရွတ်၊ စာဖတ် စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းသန်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အောင်ပိုင်ပိုင်ကျော်- စဉ့်ကိုင်(ပြန်/ဆက်)


