အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေအကြံပေး တစ်ဦးဖြစ်သည့် ဦးကိုနီနှင့် လူသတ်သမားကို ရဲရဲဝံ့ဝံ့ဖမ်းဆီးခဲ့သော အငှားယာဉ်မောင်းသမား ဦးနေဝင်းတို့ လုပ်ကြံသတ်ဖြတ်ခံရသည်မှာ နှစ်နှစ်တင်းတင်း ပြည့်သည့် အထိမ်းအမှတ်အဖြစ် ၂၉ ဇန်နဝါရီ ၂၀၁၉ နေ့ကပြုလုပ်သော အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဆရာဦးကိုနီနှင့် အမှန်တရားနှင့် တရားမျှတမှုအတွက် အသက်ပေး၍ နမူနာပြ ဆောင်ရွက်ခဲ့သည့် ကိုနေဝင်းတို့ကို ဆုံးရှုံးရခြင်းမှာ မြန်မာနိုင်ငံ အတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပါသည်ဟု အစချီသော သဝဏ်လွှာမှာ ယနေ့ မြန်မာ့ဒီမိုကရေစီရေး ချီတက်ရာ ခရီးအတွက် များစွာအဓိပ္ပာယ်ပြည့် လေးနက်မှုရှိပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ စည်ကားများပြားလှသော လူအုပ်တွင်း၊ ဦးကိုနီကသူ၏ မြေးငယ်လေးကို ချီပိုးနှုတ်ဆက် နေစဉ် လူသတ်သမားက သူ့အနားကပ်ကာ ဦးခေါင်းကို သေနတ်နှင့် ပစ်ခဲ့သည်ဆိုခြင်းမှာ ပြည်သူလူထုအဖို့ အလွန် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် အဖြစ်အပျက်ဖြစ်ပါသည်။

ဦးကိုနီကို ပစ်ပြီးထွက်ပြေးသည့် သေနတ်သမားကို လေဆိပ်မှာ ရောက်နေကြသည့် အငှားကားသမားများက ဝိုင်းဝန်းဖမ်းဆီး ကြစဉ် အနီးကပ်ဖမ်းဆီးသူ ဦးနေဝင်းကို ထပ်မံပစ်ခတ်ခဲ့ခြင်းကြောင့် ဦးနေဝင်းလည်း တိမ်းပါးခဲ့ရပြန်ပါသည်။ သို့သော်လည်း မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်သော ရဲရင့်သည့် ကားသမားများ၏လက်မှ လူသတ်သမား လွတ်အောင်မပြေးနိုင်ခဲ့။

တကယ့်ဘဝမှာ ဖြစ်ပျက်ခဲ့သော အဆိုပါဖြစ်ရပ်မှာ ရုတ်တရက်အားဖြင့် မယုံကြည်နိုင်လောက်စရာ။ လူလူချင်း သည်မျှလောက် ရက်ရက်စက်စက် လုပ်ကြံရလောက်အောင် နဂိုက ရန်ညှိုးရန်စ စိုးစဉ်းမျှရှိတာမဟုတ်။

ဦးကိုနီက ဥပဒေဘက်တော်သား။ တရားမျှတမှုနှင့် ဒီမိုကရေစီ အခွင့်အရေးတို့အတွက် ပြည်သူလူထုဘက်က ရပ်တည်နေသူ။ ဦးကိုနီ အထူးပြု နှိုးဆော်ခဲ့သည်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်အတွက် အခြေခံမူများ ချမှတ်နိုင်ရေးစသည်တို့ ဖြစ်သည်။ သည်လို အများအကျိုးအတွက် တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးကို မည်သူတို့က သေစေချင်သည်လဲဟူသော မေးခွန်းတို့က ပြည်သူတို့ ရင်တွင်းမှာ ဟိန်းထနေသည်။

အချိန်အားဖြင့် နှစ်နှစ်ရှိသွားပြီဆိုသော်လည်း ကြားရသိရသမျှ ပြည်သူလူထုမှာ မေ့လို့မရ။ ဥပဒေစိုးမိုးမှု သည်မျှလောက် ကင်းမဲ့နေခြင်းကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းကြမှ ဖြစ်မည်ဟူသော တပ်လှန့်နှိုးဆော်မှုက မြန်မာ့ဒီမိုကရေစီရေးကို လိုလားသူ ပြည်သူလူထုကြားသို့ ပျံ့နှံ့ ဝင်ရောက်နေသည်။

မှန်ကန်သင့်တော်သည့် တရားစီရင်ရေးရှိဖို့ကိုလည်း ပြည်သူတို့က မျှော်လင့်နေကြပါသည်။ ယခုအဖြစ်အပျက်က မတရား ပြုလုပ်သူ အဓမ္မသမားများကို ခေါင်းထောင်ခွင့်မပေးရေးအတွက် အမှန်တရား ပေါ်ပေါက်ရန် လိုအပ်ပါသည်။ မျှတသော တရားစီရင်ရေးစနစ်၊ မှန်ကန်သည့် ဥပဒေရေးရာ ဖြေရှင်းမှုတို့ရှိခြင်းက ပြည်သူတို့၏ လောကပါလတရားအပေါ် ယုံကြည်စွဲ မြဲရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်လည်း ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ နိဂုံးပါ - “မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ခိုင်မာစွာတည်ဆောက်ရာ၌ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းကြိုးစား ဖြေရှင်းရင်း အသက်စွန့် သွားခဲ့သည့် ဆရာဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် အမှန်တရားအမြန်ဆုံး ထွက်ပေါ်လာဖို့လည်း သက်ဆိုင်သူအားလုံး ဝိုင်းဝန်း ကြိုးပမ်းကြဖို့ တိုက်တွန်းပါသည်” ဆိုသည့်အတိုင်း အမှန်တရားပေါ်ပေါက်၍ ဥပဒေအတိုင်း မှန်ကန်သော ဆုံးဖြတ်မှုများ ဖြစ်ပေါ်ပါစေဟု ဆုမွန်တောင်းလိုက်ရပါကြောင်း။    ။