နေပြည်တော်၊ ဒီဇင်ဘာ ၁
အာဆီယံ- ဂျပန် ဗဟိုဌာန (AJC) မှ ကြီးမှူး၍ အာဆီယံနိုင်ငံများအတွက် စီစဉ်ကျင်းပသည့် “Training Program on Interpretation 2021” ကို “Possibilities of Non- Personal Interpretation Services at Tourist Sites- Storytelling in the digital age” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် ဦးဆောင်၍ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်အားပေးခဲ့သည်။
ပထမဦးစွာ အာဆီယံ- ဂျပန်ဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ် H.E Mr. Kunihiko Hirabayashi က အဖွင့်အမှာစကားပြောကြားပြီး Yamatogokoro Inc မှ Founder and CEO, Mr. Keisuke Murayama က ကိုဗစ်-၁၉ အလွန်ကာလ ခရီးသွားလုပ်ငန်းအခြေအနေများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် Non- Personal Interpretation Services ၊ နောက်ဆုံးပေါ် နည်းပညာရပ်များနှင့် ခရီးစဉ်ဒေသများ၌ Audio Guide အသုံးပြုမြှင့်တင်ခြင်းဟူသော ခေါင်းစဉ် (၃) မျိုးခွဲ၍ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစီအစဉ်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာခဲ့သော ခရီးသွားလုပ်ငန်း ဆိုင်ရာအပြောင်းအလဲများနှင့် ထိုအပြောင်းအလဲများကို လိုက်လျောညီထွေဖြစ်မည့် ဝန်ဆောင်မှု ဖြစ်စေရေး ပြန်လည်သုံးသပ်ရန်၊ အချင်းချင်းထိတွေ့ဝန်ဆောင်မှု လျော့နည်းစေခြင်းနှင့် Digital နည်း ပညာအသုံးပြု ဝန်ဆောင်မှုပေးရန်နှင့် အနာဂတ်ကာလတွင် ခရီးလှည့်လည်ရေးလုပ်ငန်းများ ပြန်လည် စတင်ရန် ရည်ရွည်၍ ကျင်းပရခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားကဏ္ဍ စီမံခန့်ခွဲရေး နှင့် ခရီးစဉ်ဒေသမြှင့်တင်ရေးတို့တွင် ပါဝင်လုပ်ဆောင်နေသော အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ် စုစုပေါင်း (၈၂) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)