မန္တလေး ၃၁ ဇန်နဝါရီ
မန္တလေးတိုင်း အတွင်းရှိ အသေးစား ၊ အလတ်စား၊ အကြီးစား သစ်တောထွက် လုပ်ငန်းများ (MSME) သစ်ကုန်ကြမ်း ရရှိစေရန် လစဉ်လေလံပေးသည့် စနစ်ကို ပထမဆုံးအကြိမ် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်း အတွင်းရှိ သစ်တောထွက် ပစ္စည်းလုပ်ငန်း အခြေခံ ဆောင်ရွက်သည့် MSME လုပ်ငန်းများကို သစ်ကုန်ကြမ်း ဖြန့်ဖြူးခြင်း အစီအစဉ် ရှင်းလင်းခြင်းအား အခုလ ၃၀ ရက်က မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) တွင် ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ မန္တလေးတိုင်း အတွင်းရှိ သစ်တောထွက် လုပ်ငန်းများ လုပ်ကိုင်နေသည့် MSME များအတွက် သစ်လုံး၊ သစ်ခွဲသား တန်ချိန် ၅၄၀ဝ ကို လေလံချထားပေးမည်ဖြစ်ကြောင်း သိရသည်။
‘လုပ်ငန်းရှင်တွေကတော့ သစ်တောကနေ လိုင်စင်ထုတ် ပေးထားတဲ့ သစ်လုပ်ငန်းတွေ၊ ပရိဘောဂ လုပ်ငန်းတွေကို သစ်ခွဲသား ဘယ်လိုရောင်းချပေးမယ်ဆိုတာ ရှင်းပြမှာပါ။ အဓိကကတော့ လုပ်ငန်းရှင်တွေ ဆွဲနိုင်လောက်မယ့် အရေအတွက် ၅ တန်၊ ၁၀ တန်လေးတွေ ရောင်းချပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။ လေလံခေါ်လိုက်မယ်။ လုပ်ငန်းရှင်တွေ ပမာဏ နည်းနည်းနဲ့ ယှဉ်ပြိုင်ဆွဲနိုင်အောင် ဆောင်ရွက်ပေးမှာပါ’ ဟု မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း) ဒုတိယအထွေထွေ မန်နေဂျာ ဦးထွန်းထွန်းဦး က ပြောသည်။
ယခုဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၅၄၀ဝ ကို ဖေဖော်ဝါရီလမှ စတင်ရောင်းချရန် စီစဉ်နေပြီး လစဉ် တန်ချိန် ၆၀ဝ ခန့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ဖေဖော်ဝါရီလ အတွင်းတွင် ရောင်းချမည့် တန်ချိန် ၆၀ဝ အတွက် ပလိပ်သစ်ဆိပ်၊ မန်းရတနာသစ်ဆိပ်၊ ကျောက်ဖျာ သစ်ဆိပ်၊ ဂဒူးတ သစ်ဆိပ်နှင့် မြိုင်ဟေမာသစ်ထုတ်ရေး၊ ပြင်ဦးလွင်သစ်ဆိုင်၊ မာလဲသစ်စက်၊ ကျောက်ဖြူသစ်ဆိပ်တို့မှ သစ်လုံးနှင့် သစ်ခွဲသားများ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
‘သစ်မာ၊ ပိတောက်ခွဲသား၊ ပျဉ်းကတိုးခွဲသား၊ တောင်သရက်၊ တောသရက်၊ စုစုပေါင်း တန် ၉၃၀ လေလံပစ်ဖို့ ရည်ရွယ်ထားပါတယ်။ ရုံးချုပ်က တခါတလေ တင်ဒါကြီးအတွက် တန် ၂၀ဝ၊ ၃၀ဝ ဆွဲယူတတ်တဲ့သဘောရှိတဲ့အတွက် အနည်းဆုံး တန် ၆၀ဝ တော့ပစ်နိုင်မယ်လို့ အာမခံပါတယ်’ ဟု မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်း) ရောင်းဝယ်ရေးဌာန အထွေထွေမန်နေဂျာ ဒေါ်ခင်ထူးဝေ ကပြောသည်။
ယခု လေလံတင် ရောင်းချမည့် သစ်လုံး၊ သစ်ခွဲသားများ အချောထည်အဖြစ် ဆောင်ရွက်ပြီးမှသာ အခြားတိုင်းဒေသကြီးပြည်နယ်သို့ သယ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
သစ်လုံး၊ သစ်ခွဲသား လေလံဝယ်ယူမည့် လုပ်ငန်းရှင်သည် သမာဓိ အာမခံကြေးအဖြစ် တန် ၅၀ ဝယ်ယူပါက ငွေကျပ် ၁၅ သိန်း၊ တန် ၅၁ မှ တန် ၁၀ဝ အထိ ငွေကျပ် ၂၅ သိန်း၊ တန် ၁၀၁ မှ တန် ၁၅၀ အထိ ကျပ်သိန်း ၄၀၊ ၁၅၁ တန်မှ တန် ၂၀ဝ အထိ ငွေကျပ် ၅၅ သိန်း၊ ၂၀၁ တန်နှင့်အထက်အတွက် ငွေကျပ် ၇၅ သိန်း အာမခံကြေး ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ လေလံမအောင်မြင် သူများသည် လေလံဖွင့်သည့်နေ့မှ ၇ ရက်အတွင်း အာမခံကြေးများ ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယခုပြုလုပ်မည့် သစ်လုံး၊ သစ်ခွဲသား လေလံရောင်းချမည့် စနစ်နှင့် ပတ်သက်ပြီး သစ်လုပ်ငန်းရှင် တစ်ဦးက ‘ကွဲလွဲနေတယ်လို့ ထင်တယ်။ ၁၅ သိန်းသွင်းပြီး တန် ၅၀ ဆိုရင် လူ ၁၂ ယောက် လေလံဝယ်တယ်ဆိုရင် တန် ၆၀ဝ ကကုန်သွားမှာ။ လုပ်ငန်းရှင်က ခရိုင် ၇ ခုမှာ ၃၅၀ ရှိတယ်။ ဒီစည်းမျဉ်းက ပြုပြင်သင့်တယ်လို့ ဆိုင်ရာလူကြီးမင်းများကို အကြံပြုဆွေးနွေးချင်ပါတယ်’ ဟု ဆိုသည်။
သစ်တောထွက်ပစ္စည်း အခြေခံလုပ်ငန်းများ လုပ်ကိုင်သည့် MSME များသစ် ကုန်ကြမ်းရရှိရေးအတွက် အိတ်ဖွင့်လေလံရောင်းချသည့် စနစ်ကို မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း တို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်