ရေတာရှည် ၃၁ ဇန်နဝါရီ 

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း မြောက်မှတောင်သို့စီးဆင်းလျက်ရှိသော စစ်တောင်းမြစ်ကမ်းဘေးကပ်လျက်ရှိ ရဲကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ပင်ကျေးရွာသည် မြစ်ရေတိုက်စားမှုကြောင့် လတ်တလောအားဖြင့် ကမ်းဘေးနှင့်ကပ်လျက်ရှိသော နေအိမ် ၁၀ လုံးကျော် အန္တရာယ်ရှိနေသော်လည်း ပြောင်းရွှေ့ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။ 

 

“ကျွန်တော်တို့ရွာက အိမ်ခြေ ၂၀ဝ ကျော်ရှိတယ်။ မြစ်ရေကြီးတဲ့အချိန် ကျတဲ့အချိန်တွေမှာ ကမ်းပါးတွေပြိုလို့ အရှေ့ဘက် မိုင်ဝက်လောက် ဇီးဖြူတန်းရွာနဲ့ အေးကြီးအောက်ရွာကြားကို အိမ်ခြေ ၉၀ ကျော်လောက် ရွှေ့ပြောင်းခဲ့ရပြီး။ အခုတော့ သာယာကုန်းရွာဆိုပြီးဖြစ်လာတာ သီးခင်းနှံခင်းတွေပါတာလည်း ဧကပေါင်း မနည်းတော့ပါဘူး။ အခုကမ်းဘေးနားကပ်နေတဲ့အိမ်တွေဆို ရွှေ့ပြောင်းရမယ်ဆို ဘယ်နားသွားနေ ရမှန်းကို မသိတာ။ အချို့လည်း ဆွေမျိုးနီးစပ်ရာလေးတွေမှာ ကပ်နေရတယ်။ ကျွန်တော်တို့ရွာအနေနဲ့ ကမ်းထိန်း ရေကာ တွေလုပ်ချင်နေတာ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ နည်းပညာပိုင်းအကူအညီပေးစေချင်ပါတယ်”ဟု ယာအိမ်မှူး ဦးနေဝင်း က ပြောသည်။ 

 

ဥသျှစ်ပင်ကျေးရွာသည် မြို့လှမြို့အရှေ့မြောက်ဘက် မြစ်တစ်ဖက်ကမ်း တစ်မိုင်ခန့်အကွာ၌ တည်ရှိပြီး မြစ်ရေဦးတိုက်တည့်တည့်တွင်ရှိနေခြင်းကြောင့် မိုးရာသီ၌လည်းကောင်း မြစ်ရေနည်းပါးချိန်တွင်လည်းကောင်း ကမ်းပြိုမှုများကြုံတွေ့နေရခြင်းဖြစ်ကြောင်း ကျေးရွာဒေသခံများက ပြောသည်။

 

စစ်တောင်းမြစ်ကြောင်းသည် အထက်ပိုင်းကျသော အေးကြီးအောက်ရွာနှင့် သာယာကုန်းကျေးရွာသွားလမ်းခွဲအထိ အဖြောင့်တိုင်းစီးဆင်းကာ ထိုနေရာမှတစ်ဆင့် အနောက်ဘက်သို့ ချိုးကွေ့သွားပြီး ဥသျှစ်ပင်ရွာတည့်တည့်သို့ ရေဦးတိုက်စီးဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါကျေးရွာကို အနောက်ဘက်မှကွေ့ပတ်၍ အနောက်မှအရှေ့သို့ ကွေ့ဝိုက်သွားခြင်းဖြစ်ရာ ယခင်က စစ်တောင်းမြစ်ကို ဥသျှစ်ပင်ကျေးရွာနှင့် ဇီးဖြူတန်းကျေးရွာအကြားမှ ဖြတ်ချိုးရန်စီစဉ်မှုများရှိသော်လည်း ယခုတိုင် အကောင်အထည်မဖော်နိုင်သေးသည့်အတွက် ကမ်းပြိုကမ်းစားမှုအန္တရာယ်မှာ ဆက်လက်ကြုံတွေ့နေရဦးမည်ဖြစ်ကြောင်း သိရသည်။ 

 

ကိုလွင်(ဆွာ)