mdn

ညောင်ဦး ဒီဇင်ဘာ ၅

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အမှတ်(၃)၊ တောင်ကုန်းရပ်မှထွက်ရှိသည့် သောက်ရေအိုးနှင့် အခြားအိုးများ ဈေးနှုန်းအတက်အကျမရှိဘဲ ပုံမှန်သာရောင်းချနေရကြောင်း အိုးအမျိုးမျိုး လုပ်ရောင်းချသည့် ဦးနေလင်းထံက သိရသည်။    

ငါ့သရောက်မြို့ အမှတ်(၃)၊ တောင်ကုန်းရပ်သည် တစ်ရွာလုံး ရိုးရာအိုးလုပ်ငန်း ခေတ်အဆက်ဆက် ပြုလုပ်ရောင်းချလာသည့် ဒေသဖြစ်ကာ ရိုးရာအိုးလုပ်ငန်းအား မည်သည့်ခေတ်ကတည်းက အိုးလုပ်ငန်းလုပ်ကိုင်ခဲ့သည်ကို ရွာထဲရှိ အသက်ကြီးသူများပင် မသိရှိဘဲ ရွာပြင်ဘက်ရှိ အိုးဖုတ်(အိုးဖို) ကုန်းသုံးကုန်း တောင်ပူစာဖြစ်နေသည်ကို ကြည့်ခြင်းအားဖြစ် အိုးလုပ်ငန်း ဘယ်ခေတ်ဘယ်အချိန်ထဲက လုပ်ကိုင်ခဲ့သည်ကို ခန့်မှန်းနိုင်ကြကြောင်း ရွာထဲရှိအိုးလုပ်ငန်း လုပ်ကိုင်သူများမှ ရှင်းပြသည်။

တောင်းကုန်းဒေသမှ အိုးအမျိုးမျိုးလုပ်ကိုင်ကြသော်လည်း ထန်းဆွဲမြူအိုးများနှင့် သောက်ရေအိုးများအား အများအပြားထုတ်လုပ်ကာ ပတ်ဝန်းကျင်မြို့များနှင့် ဒေသတွင်းသို့ ရောင်းချခြင်းဖြင့် တောင်ကုန်းကျေးရွာ တစ်ရွာလုံး ရိုးရာအိုးလုပ်ငန်းဖြင့် စီးပွားဖြစ် အိုးလုပ်ငန်းလုပ်ကိုင်ကြသည်။ အိုးလုပ်ရန်အတွက် ရွာပတ်လည်ရှိ နုန်းမြေသားများနှင့် သဲဆန်သည့် မြေအမျိုးစား သွားရောက်တူးဖော်ကြကာ အိုးလုပ်ရန် သယ်ဆောင်လုပ်ကိုင်ကြသည်။ ထန်းဆွဲမြူအိုးများအား ထန်းရာသီမစတင်မီ အချိန်ထဲက ကြိုတင်ပြီး ထန်းဆွဲမြူအိုး အမြောက်အများ လုပ်ကိုင်ထားကြသည်။ ထန်းရာသီစတင်ချိန် အနီးပတ်ဝန်းကျင်နယ်များမှ ထန်းတောင်သူများနှင့် ဒေသတွင်း ထန်းတောင်သူများ ထန်းဆွဲမြူအိုးများ လာရောက်ဝယ်ယူကြသည်။ 

တောင်ကုန်းရွာမှ တစ်နှစ်လျှင် ထန်းဆွဲမြိူအိုး နှစ်သိန်းခွဲကျော် နှစ်စဉ်ထုတ်လုပ်ရောင်းချရပြီး သောက်ရေအိုးများကတော့ တစ်နှစ်ပတ်လုံး ရောင်းချရကြောင်း၊ အခြားအိုးများကိုလည်း တစ်အိမ်လျှင် အနည်းငယ်စီ ပြုလုပ်ရောင်းချရပြီး မြေရေဆေးဇလုံ၊ မြေသားဘုရားပန်းအိုး၊ မြေသားပန်းအိုး၊ မြေသားစုဘူး၊ မုန့်ပြစ်သလက်အိုးခင်း၊ မြေသား အရက်ချွေးပေါင်းခံအိုး (အရက်ချက်အိုး)၊ မြေသားကောက်ညှင်းပေါင်းအိုး၊ မြေသားပန်းအိုး၊ မြေသားဟင်းချက်အိုး (ဟင်းပြင်အိုး)၊ သောက်ရေအိုး အလတ်၊ အကြီးနှင့် ထန်းဆွဲမြူအိုးများ ပြုလုပ်ရောင်းချကြကြောင်း၊ ငါ့သရောက်ဒေသထွက် သောက်ရေအိုးနှင့် ထန်းဆွဲမြူအိုးများသည် ပါးလွှာပေါ့ပါးပြီး ခိုင်ခံ့ခြင်းကြောင့် ငါ့သရောက်ဒေသထွက်အိုးရယ်လို့ နာမည်တစ်လုံးဖြင့် ထင်ရှားကျော်ကြားနေကြောင်း ဦးနေလင်းက ရှင်းပြသည်။

အိုးအမျိုးမျိုးပြုလုပ်ရာတွင် အိုးပြင်လှဲ့နှင့် အိုးထွင်းဆရာနှစ်ဦးသာ လိုအပ်ပြီး အိုးပြင်လှဲ့အား လူတိုင်းလှည့်တတ်သော်လည်း အိုးထွင်းဆရာမှာ အနည်းငယ်သာရှိကြောင်း၊ တစ်ရွာလုံး အိုးထွင်းဆရာခေါ် အိုးလုပ်သည့်ပညာရှင်များမှာ အမျိုးသမီးများသာရှိကြောင်း သိရပြီး အိုးပြင်လှဲ့စက်တစ်မျိုးထဲဖြင့် အိုးအမျိုးမျိုးအား မိမိလိုချင်သည့် အိုးပုံစံကို ဖြတ်တောက်ယူငင်ရပြီး အိုးပြုလုပ်ကြကြောင်း၊ ထွက်ရှိလာသည့် အိုးများအား ပခုက္ကူမြို့၊ ကျောက်ပန်းတောင်းမြို့၊ တောင်သာမြို့၊ မြင်းခြံမြို့နှင့် ညောင်ဦးမြို့များမှ အိုးပွဲစားများ လာရောက်ဝယ်ယူကြကြောင်း၊ ငါ့သရောက်ဒေသထွက် အိုးများ ဈေးနှုန်းပုံမှန်အတိုင်း ရောင်းချနေရကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)