ဗန်းမောက် ဒီဇင်ဘာ ၆

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားဖြစ်သော ဣစ္ဆာဿယဇလုံတောင်တော် ဘုရားစေတီများနှင့် ကျောက်မဏ္ဍပ်ဘုရားစေတီများ (၂၄)နာရီ လျှပ်စစ်မီးလင်းရေးအတွက် ဒီဇင်ဘာ ၃ ရက်မှစတင်ကာ လျှပ်စစ်မီးတိုင်းများ စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း သိရသည်။

 

ဣစ္ဆာဿယဇလုံတောင်တော်ရှိ ဘုရား၊ စေတီများ၊ ကျောက်မဏ္ဍပ်ဘုရားစေတီများ၊ ဆရာတော် သံဃာတော်များ သီတင်းသုံးနေထိုင်ရာ သာသနာ့အဆောက်အအုံများနှင့် ဇလုံတောင်တော်ဘုရားစေတီများသို့ ဘုရားဖူးလာရောက်ကြသော ရဟန်းရှင်ပြည်သူများ နေထိုင်တည်းခိုရန် တည်ဆောက်ထားသော အဆောက်အအုံများနှင့် စျေးဆိုင်ခန်းများအား (၂၄)နာရီ လျှပ်စစ်မီးလင်းရေးအတွက် ဣစ္ဆာဿယဇလုံတောင်တော်ဘုရား သာသနာပြု ဆရာတော် ဦးဝိဇယ (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ပဓာန နာယက)၏ လမ်းညွှန်မှုဖြင့် ဇလုံတောင်တောရကျောင်းတိုက် ဆရာတော် ဦးအာလောက(ဓမ္မာစရိယ)မှ ဦးဆောင်၍ ဆရာတော် သံဃာတော်များ၊ ဒုတိယဂေါပကဥက္ကဋ္ဌ ဦးကျော်ဝေ၊ လျှပ်စစ်မီးကြိုးများနှင့် လျှပ်စစ်မီးသီးများ သွယ်တန်ပေးမည့် အလှူရှင် ဦးသန်းမြင့်အောင်နှင့် လုပ်အားဒါနပေးကြသော ပရဟိတလူငယ်အဖွဲ့များက လျှပ်စစ်မီးတိုင်များကို စိုက်ထူပေးလျက်ရှိရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီးတိုင်များ စိုက်ထူပြီးစီးပါက လျှပ်စစ်မီးကြိုးများနှင့် လျှပ်စစ်မီးသီးများ ဆက်လက်တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဗန်းမောက်မြို့နယ် ခမိုးကျေးရွာမှ ဣစ္ဆာဿယဇလုံတောင်တော် ရင်ပြင်အထိ လျှပ်စစ်မီးလင်းရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၃၄ ဒသမ ၁၁ သန်းဖြင့် ၂၀၀ ကေဗွီအေ ထရန်စဖေါ်မာတစ်လုံးနှင့် ၁၁ ကေဗွီဓါတ်အားလိုင်းတို့ကို တည်ဆောက်ခြင်း၊ လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းနှင့် လျှပ်စစ်မီးကွန်ကရစ်တိုင်များ စိုက်ထူးခြင်းကို တင်ဒါအောင်မြင်ခဲ့သော စည်ပိုင်ဖြိုးကုမ္ပဏီမှ အင်ဂျင်နီယာ ဦးဖြိုးသန့်က တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)