ကန်တက်ကီ ဒီဇင်ဘာ ၁၃
အမေရိကန်ပြည်ထောင်စုတောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းဒေသတို့ရှိ ပြည်နယ်မြောက်ခုကို လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးကာ လူသေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်း သေဆုံးသူပေါင်းမှာ ၇၀ ကျော်ရှိကြောင်း ကန်တက်ကီပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှစတင်ကာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းအထိ တိုက်ခတ်ခဲ့သည်ဟု အမေရိကန် ပြည်ထောင်စု အမျိုးသားသမုဒ္ဒရာနှင့် လေဖိအားဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (အင်န်အိုအေအေ)က ပြောသည်။
တောင်ပိုင်းပြည်နယ်ဖြစ်သည့် ကန်တက်ကီ ပြည်နယ်တွင် ဖယောင်းတိုင်စက်ရုံ ပြိုကျပျက်စီးခဲ့ပြီး စက်ရုံအတွင်း လူပေါင်း ၁၁၀ ခန့် ရှိကြောင်း သိရသည်။ စက်ရုံအတွင်း အပျက်အစီးများကြား ပိတ်မိနေသည့် လူများကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ကန်တက်ကီပြည်နယ်အတွင်း အရေးပေါ်အခြေအနေအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘတ်ရှ်အာက ကြေညာခဲ့သည်။
ပြည်နယ်အတွင်း လေဆင်နှာမောင်းကြောင့် သေဆုံးသူဦးရေမှာ ၁၀၀ ကျော်လွန်လာနိုင်ကြောင်းလည်း ၎င်းက သတင်းထောက်များကို ပြောသည်။ အနောက်အလယ်ပိုင်း ပြည်နယ်ဖြစ်သည့် အီလီနွိုက် ပြည်နယ်တွင်လည်း အမေဇုန်ကုမ္ပဏီမှာ လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးမှုများ ရှိခဲ့သည်ဟု သိရသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း လူ့အသက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းကြေကွဲကြောင်း ကန်တက်ကီအုပ်ချုပ်ရေးမှူးထံ ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ