ဂျေရုဆလင် ဒီဇင်ဘာ ၁၃
အစ္စရေးနိုင်ငံ၌ ဒီဇင်ဘာ ၁၁ ရက်တွင် အိုမီခရွန်ဗီဇ ပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀ ထပ်မံတွေ့ရှိခြင်းကြောင့် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၅ ဦးအထိ ရှိလာကြောင်း အစ္စရေးကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ ။
ယင်းသို့ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူများ အနက် ၃၆ ဦးသည် တောင်အာဖရိက၊ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘီလာရုစ်၊ ဟန်ဂေရီ၊ အီတလီနှင့် နမီးဘီးယားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အခြားသော အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁ ဦးသည် တောင်အာဖရိကနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသော ခရီးသည်များနှင့် နီးကပ်စွာ ထိတွေ့မှုရှိခဲ့ပြီးနောက် ကူးစက် ခံရသူများဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ရှစ်ဦးသည် အစ္စရေးနိုင်ငံမှ အခြားနိုင်ငံများသို့ သွားရောက်ခြင်း မရှိသည့်အပြင် နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် မည်သည့်ခရီးသည်နှင့်မျှ အနီးကပ်ထိတွေ့မှု မရှိခဲ့ကြဘဲ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
အစ္စရေးနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၅ ဦးအနက် ၁၃ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူထားခြင်း မရှိသေးသူများဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်