နေပြည်တော် ၇ ဒီဇင်ဘာ
(၁၈)ကြိမ်မြောက် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Ubud မြို့၌ ဒီဇင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးများသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး တက်ရောက်၍ အာဆီယံနိုင်ငံများအတွင်း ဒစ်ဂျစ်တယ်အီကိုစနစ်များ ပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ မျှတသော ဒစ်ဂျစ်တယ် ပလက်ဖောင်း မူဝါဒများ ချမှတ်နိုင်ရေး၊ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားလာရန် ပြုစုပျိုးထောင်နိုင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများ အားကောင်းလာရေးအတွက် ဆက်လက် ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို အခြား အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ နှင့်အတူ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
အစည်းအဝေးများ၌ အာဆီယံနိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ကဏ္ဍဖွံဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များ အပေါ် အမြင်များ ဆွေးနွေးဖလှယ်ခြင်း၊ ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြု ထုတ်ပြန်ခြင်း၊ ဆွေးနွေးဘက်နိုင်ငံများ ဖြစ်သည့် တရုပ်၊ ဂျပန်၊ ကိုးရီးယား နိုင်ငံများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်နှင့် အာဆီယံ နိုင်ငံများအကြား ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြု ခြင်း၊ ASEAN ICT Award 2018 အတွက် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းနှင့် Ubud ကြေညာ စာတမ်း ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အဆိုပါ ASEAN ICT Award 2018 ပြိုင်ပွဲကို ကဏ္ဍ ၆ ခုဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ အဖွဲ့ ၇ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး CSR(Cooperate Social Responsi-bility) ကဏ္ဍတွင် On Doctor Application နှင့် Startup ကဏ္ဍတွင် Shwe Bite Application တို့ဖြင့် ရွှေတံဆိပ်ဆု တစ်ခုစီ ရရှိသည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံ Ministry of Information and Communications မှဝန်ကြီး H.E. Nguyen Manh Hung ၊ ဂျပန်နိုင်ငံ Ministry of Internal Affairs and Communications မှဒုတိယဝန်ကြီး H.E. Katsuya Watanabe ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Ministry of Industry and Information Technology မှ ဒုတိယဝန်ကြီး H.E Chen Zhaoxiong တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသော ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စာပို့တိုက်ဆိုင်ရာများ နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် Face Book မှတာဝန်ရှိပုဂ္ဂိုလ်များ နှင့်တွေ့ဆုံ၍ ဆိုရှယ် မီဒီယာ အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုမြှင့်တင်နိုင်ရေး၊ အမုန်းစကား ဖြန့်ဝေမှုများ လျှော့ချတားဆီးနိုင်ရေး၊ မြန်မာယူနီကုဒ်စနစ် သုံးစွဲနိုင်ရေး၊ US - ASEAN Business Council (USABC) မှတာဝန်ရှိပုဂ္ဂိုလ်များ နှင့်တွေ့ဆုံ၍ Data Classification သတ်မှတ်ရန်၊ Data Privacy နှင့် Data များကို အကျိုးရှိစွာ ရယူသုံးစွဲနိုင်ရေးအတွက် ဥပဒေကြောင်းဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)