ရန်ကုန်   ဒီဇင်ဘာ   ၁၇

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် အတူ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင်  ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာန ခွဲ၌ ဒီဇင်ဘာ ၁၃ ရက်မှ စတင်၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသော “ရှေးဟောင်း ကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူစာပေနှင့် ပါဠိ၊ သက္ကတ) အဆင့်(၁ )Level-I)”သင်တန်းသို့ တက်ရောက်နေသော သင်တန်းသားများကို သွားရောက် တွေ့ဆုံ၍   အမှာစကားပြောကြားသည်။

 

ရှေးဟောင်းကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း(ပျူ၊ သက္ကတ၊ ပါဠိ)သင်တန်းကို သင်တန်းအဆင့်(၁)နှင့် သင်တန်းအဆင့်(၂) ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအဆင့်(၁)တွင် သုံးကြိမ်၊ သင်တန်းအဆင့်(၂)တွင် သုံးကြိမ် စုစုပေါင်း ခြောက်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ခြောက်ကြိမ် တက်ရောက်ပြီးစီးပါက သင်တန်းသားများအနေဖြင့် ပျူကျောက်စာ၊ ပျူစာပေကို ကောင်းစွာဖတ်ရှု နားလည်နိုင်သည့် အဆင့်ရောက်ရှိမည်ဖြစ်ပြီး ကမ္ပည်းကျောက်စာ ပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း အဆင့်(၁)၏ ပထမအကြိမ်ကို ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက် အထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားပြတိုက်(ရန်ကုန်)၌ကျင်းပသည့်  မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ ပန်းချီ ပန်းပုအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ဝါဆို၊ ဝါကပ်၊ လထပ်၊ ရက်ငင်နှင့် ပတ်သက်၍ ဝိဝါဒ ကွဲလွဲမှုများရှိလာပါက ဖြေရှင်းရန်လည်းကောင်း၊ နှစ်စဉ် အများ ပြည်သူ၊ ရှင်လူအပေါင်းတို့ တညီတညွတ်တည်း လိုက်နာအသုံးပြုရန် ခေတ်မီ မှန်ကန်သော ပြက္ခဒိန်ကို တွက်ချက်တင်သွင်းရန် လည်းကောင်း မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ကို ၁၉၅၀ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြက္ခဒိန်အကြံပေးအဖွဲ့ အနေဖြင့် ပြက္ခဒိန်ရေးဆွဲ တွက်ချက်ခြင်း အပါအဝင် မဟာသင်္ကြန်စာများကို တစ်နှစ်လျှင် တစ်ကြိမ်ရေးသားပြုစုပါကြောင်း၊ မြန်မာ့ပြက္ခဒိန်သည် သာသနာ့ဝန်ထမ်းရဟန်းသံဃာ တော်များအတွက်လည်း အထူးပင်အရေးကြီးကြောင်းနှင့် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ကို တင်မှတ်တမ်း တင်ကြောင်း။

 

ပန်းချီပန်းပု ပညာရှင်များ လက်တွဲ၍ ပညာရှင်များ၏ ဘဝမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ မြန်မာ့ပန်းဆယ်မျိုး ပညာရပ်များခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတကာနယ်ပယ်တွင် ထင်ရှား ပေါ်လွင်မှုရှိလာစေရန်၊ တိုင်းပြည်အကျိုးပြုလက်ရာမွန်များကို ထုတ်ဖော်ထိန်းသိမ်းပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ် ပန်းဆယ်မျိုးပညာများကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရန် စသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ မြန်မာ့ပန်းချီကားများသည် နိုင်ငံတကာ ဈေးကွက်တွင် နေရာရနေသည်ကို  ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ ပန်းချီပညာအဆင့်အတန်း မြင့်မားသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို ထိန်းသိမ်း စောင့်ရှောက်နေသည့် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် နိဂုံးချုပ်အားဖြင့် နိုင်ငံ့ဂုဏ်ကို ယဉ်ကျေးမှု ရေးရာကဏ္ဍများဖြင့် မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)တို့မှ အဖွဲ့ဝင်များနှင့် ယခုကဲ့သို့ တွေ့ဆုံရခြင်းကို အလွန်ပင်ဝမ်းမြောက်မိပါကြောင်းနှင့် နိုင်ငံအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နိုင်ပါစေကြောင်း  ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ကိုယ်စား ပညာရှင် ဒေါက်တာကံညွန့်က  လည်းကောင်း၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)ကိုယ်စား ပညာရှင်အလင်္ကာ ကျော်စွာထပ်ဆင့် အကယ်ဒမီပန်းချီ ဦးစိုးမိုးက လည်းကောင်း၊  မြန်မာနိုင်ငံ သဘင်အစည်း အရုံး(ဗဟို) ကိုယ်စား နာယက ဦးအောင်တင်ဝင်း က လည်းကောင်း ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်